မိုခါကြောင့် ထိခိုက်ပျက်စီးမှုများ ကူညီပေးရန် နိုင်ငံတကာ၏ ကမ်းလှမ်းမှုများ လက်ခံထားကြောင်း သိရ

၁၅. ၅. ၂၀၂၃
Written by Tha Doe

အလွန့်အလွန် အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ ဘေးဒဏ် ခံစားခဲ့ရသည့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ကျပ် သိန်းပေါင်း ၇၀၀၀၀ ပေးအပ်ခဲ့ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယနေ့ခရီးစဥ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ကြည့်ရှု၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြား၍ ထောက်ပံ့ငွေပေးအပ်စဥ် ပြောကြားမှုအရ သိရှိရသည်။

အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ” (MOCHA) သည် မေ ၁၄ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းဒေသများသို့ စစ်တွေ့မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကိုလည်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်‌ကြေညာခဲ့ရသည်။

ရခိုင်ပြည်နယ်အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန် SAC ဥက္ကဋ္ဌက မှာကြားရာတွင် သဘာဝဘေးအန္တရာယ်ဟူသည်မှာ ရှောင်လွှဲ၍မရဘဲ ဖြစ်လာသည့် အချိန်တွင် ရင်ဆိုင်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားမည်ဆိုပါက ထိခိုက်မှု အနည်းဆုံးဖြင့် ကျော်လွှားနိုင်မည်ဖြစ်ပြီး ယခုအခါ မိမိအနေဖြင့် ပျက်စီးဆုံးရှုံးခဲ့သည်များကို လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် လာရောက် ကြည့်ရှုခြင်းဖြစ်ကြောင်း ပြောကြားသည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာနမှ အဓိက ဆောင်ရွက်ရမည်ဖြစ်ပြီး အခြားဝန်ကြီးဌာနများမှ ဝန်ထမ်းများကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အများပြည်သူ အများဆုံးအသုံးပြုသည့် လမ်းများကို ဦးစားပေးရှင်းလင်းပေးရန်လိုကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ လူအင်အားနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ စက်ယန္တရားတို့ ပေါင်းစပ် ဆောင်ရွက်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ညွှန်ကြားသည်။

ထို့အပြင် ဆေးရုံများသန့်ရှင်းရေးနှင့် ဘိုးဘွားရိပ်သာများကို ခရိုင်နှင့် မြို့နယ်များအလိုက် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ဦးစားပေး ဆောင်ရွက်ကြရန်၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်သွားရန်၊ ယခုမုန်တိုင်းတိုက်ခတ်ချိန်တွင် အုန်းပင်များပြိုလဲမှုမရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ရခိုင်ပြည်နယ်နှင့် ကမ်းရိုးတန်းဒေသများသို့ ရောက်ရှိသည့်အခါတိုင်းတွင် အုန်းပင်များနှင့် လမုပင်များသည် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့်အတွက် ကမ်းစပ်တစ်လျှောက်နှင့် ဒေသအတွင်း ဖြစ်နိုင်သမျှ အရေအတွက်များများ စိုက်ပျိုးထားရှိရန် တိုက်တွန်းမှာကြားခဲ့ကြောင်း၊ ယခု သဘာဝ ဘေးအန္တရာယ်တွင် တွေ့ကြုံခဲ့ရသည်များကို သင်ခန်းစာ ယူ၍ သဘာဝဘေးဒဏ်ခံနိုင်သည့် လေကာပင်များနှင့် အုန်းပင်များကို တိုးချဲ့ စိုက်ပျိုးဆောင်ရွက်သွားရန်လိုကြောင်းလည်း SAC ဥက္ကဋ္ဌက ညွှန်ကြားခဲ့သည်။

ထို့အပြင် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစု များ၊ စေတနာရှင် ရဟန်း၊ ရှင်လူ ပြည်သူ အလှူရှင်များ၏ စုစုပေါင်း အလှူငွေ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ ကို လက်ခံရရှိခဲ့ပြီးထိုအထဲမှ ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ငွေကျပ် သိန်းပေါင်း ၇၀၀၀၀ ကို ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် သိန်းပေါင်း ၇၀၀၀၀ နှင့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူသည်။

လက်ရှိတွင် မုန်တိုင်းဒဏ်ကျရောက်ခဲ့သည့်  ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ မုန်တိုင်းမကျ ရောက်မီကာလအတွင်း စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့များရှိ သဘာဝဘေးဒဏ်ခိုလှုံရာ Shelter များသို့ ဒေသခံ ပြည်သူ ၂၃၇၀၀ ဦးကို ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း၊ အခြားဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးမှုအနေဖြင့် ပြည်သူ ၆၂၆၈၄၉ ဦးကို ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း၊ အလားတူ IDP စခန်းများတွင်ရောက်ရှိ နေသူများအနက်မှ ၆၂၃၁၉ ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း၊ မုန်တိုင်းစတင်ဝင်ရောက်သည့် ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်တွင် တစ်နာရီ လေတိုက်နှုန်းမှာ ၆၀ မိုင်ရှိခဲ့ပြီး မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှ ၃ နာရီခွဲအချိန်အထိ တစ်နာရီလေတိုက်နှုန်းမှာ ၁၂၀ မိုင်အထိရှိခဲ့ကာ အပြင်းဆုံး လေတိုက်ခတ်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း၊ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း လူနေအိမ်များ၊ ရုံးအဆောက်အဦများ၊ သာသနိကအဆောက်အဦများ အမိုးလန်ပျက်စီးခြင်းနှင့် ပြိုကျ ပျက်စီးခြင်း၊ ရုပ်သံထပ်ဆင့်လွှင့် တာဝါတိုင်နှင့် ဆက်သွယ်ရေး တာဝါတိုင်အချို့ ပြိုကျ ပျက်စီးခဲ့ပြီး ၁၄ ရက်နေ့အထိ သေဆုံးသူ ၂ ဦး၊ ထိခိုက်ဒဏ်ရာရ ၂၈ ဦး ရှိကြောင်း ကနဦးသတင်းများအရသိရှိရကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News