Photo - Anderson Pediatric Dentistry Website

၁၆. ၁၀. ၂၀၂၂

Written by Hey Mar

အသက် ၇ နှစ်အောက် ကလေးငယ်အများစု၏ သွားများသည် ငုတ်တို ပြတ် ဖြစ်လျှင်ဖြစ် မဟုတ်လျှင်လည်း သွားပိုးစားနေသော သွားမည်းမည်းကလေးများ ဖြစ်နေတတ်သည်ကို ရင်သွေးငယ် အများစုတွင် တွေ့ရမည်ဖြစ်သည်။

မိဘများသည် ကလေး၏ အခြားကျန်းမာရေး အခြေအနေများကို ပူပန်စွာ ဂရုစိုက်တတ်သော်လည်း သွားနှင့်ပတ်သတ်သော ကျန်းမာရေး အခြေအနေများကိုမူ သတိမမူမိသည်က များသည်။ သွားပိုးစားလျှင် အလှပျက်ရုံကလွဲပြီး အခြား ပြဿနာမရှိဟု ယူဆကြသလို ငယ်သွားသည် အချိန်တန်၍ လူကြီးသွား လဲလာလျှင် ပျောက်ကင်းသွားမည်ဟု ထင်ကြ၍လည်း ဖြစ်သည်။

လူတစ်ဦး၏ ခံတွင်းထဲတွင် ဘက်တီးရီးယားပေါင်း ၅၀၀ ကျော်ကို တွေ့ရှိနိုင်သည်။ ထိုအထဲမှ အမျိုးအစား ၃၀ ခန့်သည် သွားနှင့်ခံတွင်းကို အန္တရာယ်ပေးနိုင်သော ပိုးမွှားများဖြစ်သည်။ သွားများကို ဆွေးမြေ့ပျက်စီးစေနိုင်သလို ထို ရောဂါပိုးမွှားများကြောင့်ပင် အာသီးယောင်ခြင်း လည်ပင်းနာခြင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။

“မိခင် ကိုယ်ဝန်ဆောင်ကာလမှာ သောက်တဲ့ဆေးတွေက ကလေးကို ပိုသန်မာစေတတ်တယ်။ သွားဖုံးတွေ မာမယ်။ယားမယ်။ နောက်ပြီး ကလေးမိခင်တွေအနေနဲ့ သားသမီးကို ကလေးအထူးကုဆရာဝန်အပြင် သွားဆရာဝန်နဲ့ပါ တွဲဖက်ပြီး ကုသမှု ဂရုစိုက်မှု ခံယူသင့်တယ်။ ကလေး ဖျားနာတာက ပြင်ပ ဘက်တီးရီးယားကြောင့်လား။ ဒါမှမဟုတ် ခံတွင်းထဲက ဘက်တီးရီယားကြောင့်လား။ သာမာန်လား။ လည်ပင်းနဲ့ ဆိုင်နေသလား။ ဒါတွေ စစ်ဆေးကုသဖို့ လိုအပ်တာပေါ့”ဟု သွားနှင့်ခံတွင်း အထူးကုဆရာဝန် ဒေါက်တာ သိန်းထွန်းဦးက ရှင်းပြသည်။

အသက် ၇ နှစ်အောက် ကလေးငယ်များတွင် သွားနှင့်ခံတွင်းသန့်ရှင်းရေးကို လူကြီးမိဘများက ကူညီ၍ လုပ်ဆောင်ပေးရမည်ဖြစ်သည်။ ကလေးမှာ သွားပိုးစားခြင်းဖြစ်မှ ကုသသည်ထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုကောင်းမွန်သည်ဟု ဒေါက်တာ သိန်းထွန်းဦးက ဆက်လက်ပြောသည်။

“ကလေး သွားပိုးစားပြီဆိုရင် နှုတ်တာထက် ဆရာဝန်တွေက သူ့ဘာသာ ပြတ်ကျတာကို စောင့်တယ်။ ပြီးမှ ကုသတာ နောက်က ဆက်လာတာပေါ့။ အဲဒီလို ငုတ်စိဖြစ်ပြီး ပြတ်ကျဖို့ကလည်း အချိန် တစ်နှစ်ကနေ တစ်နှစ်ခွဲ ဝန်းကျင်အထိ ကြာတတ်တယ်။ ဒီကြားထဲမှာ ကလေးသွားဖုံးပြည်တည်တာ ယောင်တာတွေ ပိုးကြောင့် မကြာခဏ ဖြစ်တာကို ခံစားရတာပေါ့” ဟု ၎င်းက ဆိုသည်။

သွားကျန်းမာရေးအတွက် အဓိကကျသော ကုသနည်းမှာ နည်းစနစ်မှန်ကန်သော သွားတိုက်နည်းပင် ဖြစ်သည်။ ပထမဆုံး Fluoride ပါသော သွားတိုက်ဆေးကို အသုံးပြုရန်လိုအပ်သည်။ အမျှင်ပျော့၍ နူးညံ့သော၊ လက်ကိုင်မြဲသော သွားတိုက်တံကို အသုံးပြုရမည်။ သွား၏ မြင်ရသော မျက်နှာပြင်ကိုလည်း တိုက်သလို မမြင်ရသော မျက်နှာပြင်ကိုလည်း တိုက်ရမည့်အပြင် ကြိတ်ဝါးရသော မျက်နှာပြင်ကိုလဲ တိုက်ရမည်ဖြစ်သည်။ အချိန်ကိုလည်း ၂ မိနစ်ခန့် သေချာပေး၍ တိုက်သင့်ပါသည်။ ထို့အပြင် လျှာကိုလဲ တိုက်ပေးရမည်ဖြစ်သည်။ ထို့ပြင် နေ့စဥ် နှစ်ကြိမ် မနက် အိပ်ရာထနှင့် ည အိပ်ချိန်တိုင်း နည်းစနစ်မှန်ကန်စွာ သွားတိုက်ဖို့အတွက် ထိုအချက်များကို သေချာလိုက်နာကျင့်သုံးရမည်ဖြစ်သည်။

ထိုသို့ မိဘက သွားကျန်းမာရေးဂရုစိုက်ပေးမှ ကလေးငယ်၏ ဘဝတစ်လျှောက်လုံး ယုံကြည်မှုရှိသော အပြုံးလေးများ​ဖြင့် တင့်တယ်မည်ဖြစ်သည့်အကြောင်းကိုလည်း MT News က တိုက်တွန်းရေးသားအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *