မင်းမော်ကွန်း၏ Kyaw Kyaw Htay Lwin အကောင့်တွင် ကနဦးတင်ခဲ့သော ပို့စ်

၁၆. ၁၀. ၂၀၂၂
Written by Nay Moe

မင်းမော်ကွန်း Child Abuse ခံရတာ ဘာလို့ ဟာသ
ဖြစ်သွားတာလဲ…….

မနေ့က မနက်အစောကြီးမင်းမော်ကွန်းက သူ့ကို ရန်အောင်က Child Abuse လုပ်ခဲ့တယ်ဆိုပြီး စ တင်ပါတယ်။ သူ စ တင်ပြီး မကြာခင်မှာပဲ မင်းမော်ကွန်း Child Abuse ခံရတာ ရယ်စရာလိုဖြစ်သွားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ စဥ်းစားမိတာက Child Abuse ခံရတာက ရယ်စရာလား။ မင်းမော်ကွန်း Child Abuse ခံရတာ ဘာလို့ ရယ်စရာဖြစ်သွားတာလဲ။ သေချာတာကတော့ Child Abuse ဟာ ရယ်စရာမဟုတ်ဘဲ တားဆီးကာကွယ်ရမှာပါ။ မင်းမော်ကွန်း Child Abuse ခံရတာ ဟာသဖြစ်ရာကနေ ကလေးသူငယ်တွေအပေါ် Child Abuse လုပ်ကြတာ ဟာသလို့ ဆက်သတ်မှတ်ပြီး လွယ်လွယ်ကျုးလွန်ကြတာမျိုး ဖြစ်မလာဖို့ တားဆီးရမှာပါ။

ဒီနေရာမှာ Child Abuse ခံရတဲ့ မင်းမော်ကွန်းက Victim Blaming ခံရတာက ဘာကြောင့်လဲ။ တိုက်ခိုက်သတ်ဖြတ်ဖို့ပဲ တိုက်တွန်းနေတဲ့သူ့ပို့စ်တွေကြောင့်လား။ သူ့ရဲ့ သမ္ဖပ္ပလဝါစာဖြစ်လွန်းတဲ့ ပို့စ်တွေ၊ ဖရုဿဝါစာ ပို့စ်တွေကြောင့် သူ့ရဲ့ သိမ်ဖျင်းတဲ့စကားလုံးတွေကို လူတွေက ရယ်စရာလို့ သတ်မှတ်ကုန်တာလား ဆန်းစစ်ကြည့်မိပါတယ်။

သူ့စကားလုံးတွေက “ဟေ့ကောင် ရန်အောင် မင်းငါ့ကို Child abused လုပ်ထားတာမမေ့နဲ့။ သူတော်ကောင်းလိုမနေနဲ့။ ငါ့မှာသက်သေတွေရှိတယ်။ Edit လာဖြေရှင်းစမ်း” လို့ မင်းမော်ကွန်းက ရေးခဲ့တာပါ။

သရုပ်ဆောင် မင်းမော်ကွန်းကို Child Abuse လုပ်ခဲ့သူက သရုပ်ဆောင်ရန်အောင် ဟုတ် မဟုတ် MT News က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မင်းမော်ကွန်းက ဖြေကြားလာမှုမရှိတာကြောင့် စွပ်စွဲခံရသူ ‘ရန်အောင်’ ဆိုသူကို မေးမြန်းနိုင်မှုမရှိသေးပေမဲ့ လူမှုကွန်ရက်မှာတော့ စွပ်စွဲခံရသူလို့ ယူဆနိုင်ဖွယ်ရှိသူက သူ့ရဲ့ Yan Aung အကောင့်မှာ အဆိုတော်အောင်လရဲ့ ‘တောင်းပန်ပါတယ်’ ဆိုတဲ့သီချင်းကို ဟာသပုံစံမျိုး တင်ခဲ့တာ တွေ့ရပါတယ်။

မင်းမော်ကွန်းရဲ့ ပထမပို့စ်ဟာ Ha Ha ပေးသူထက်ဝက်လောက်နဲ့ React ပေါင်း တစ်သိန်းလောက်ရအပြီး နေ့လယ်ပိုင်းမှာတော့ မင်းမော်ကွန်းဟာ ပထမပို့စ်ကို ဖျက်ချသွားပြီး ဒုတိယပို့စ်ဖြစ်တဲ့ “ကြားထဲက ညှိနှိုင်းပေးကြတဲ့သူများကို အားနာလို့ ပို့စ်ကို Only Me လိုက်ပါတယ်” လို့ ပို့စ်တင်ခဲ့ပြန်ပါတယ်။

မင်းမော်ကွန်း၏ ဒုတိယပို့စ်

ဒါပေမဲ့ ညနေပိုင်းမှာတော့ မနက်ခင်းက တင်ခဲ့တဲ့ ပို့စ်ကိုပဲ ပြန် Public ဖွင့်ပြီးတော့ စာကိုလည်း “ဟေ့ကောင် ရန်အောင် မင်းငါ့ကို Child abused လုပ်ထားတာမမေ့နဲ့။ သူတော်ကောင်းလိုမနေနဲ့။ ငါ့မှာသက်သေတွေရှိတယ်။ Edit လာဖြေရှင်းစမ်း။ စောက်တာဝန်မရှိတဲ့စကားကြောင့် ထပ်တင်တယ်။ ခင်ဗျားတို့ မိဘတွေဖြစ်နေရင် ဒီလိုကောင်တွေကြောင့် ခင်ဗျားတို့ သားသမီးတွေ ဘယ်လိုခံစားရမလဲ” လို့ Edit ထပ်မံလုပ်ပြီး တင်ခဲ့ပြန်ပါတယ်။

မင်းမော်ကွန်း Public တင်လိုက် Only me လုပ်လိုက် ပို့စ်သုံးခုအောက်မှာ စွပ်စွဲခံရသူရဲ့ ပုံတွေ၊ Photoshop တွေနဲ့ ရယ်ရွှင်စရာဟာသပို့စ်တွေ အများအပြားတက်လာတာ တွေ့ရပါတယ်။ အံ့ဩစရာကောင်းတာက သူ့ကို Child Abuse လုပ်ခံရတာကို ရယ်စရာလို့ထင်မြင်နေကြသူတွေထဲမှာ သူ့ကိုထောက်ခံသူအများအပြား ပါဝင်နေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ လူ့ဘောင်မှာ ရွံရှာဖွယ် Child Abuse ကို ဟာသလို့ သဘောထားရလောက်အောင် စိတ်ဓာတ်တွေ သိမ်ဖျင်းခဲ့ပြီလား။

ပထမပို့စ်အား Edit လုပ် ပြန်တင်သော ပို့စ်

Child Abuse ဆိုတာဘာလဲ……

Child Matters ရဲ့ ”What is Child Abuse?” ဖွင့်ဆိုချက်မှာတော့ Child Abuse ဆိုတာက ကလေးငယ်တွေကို ရုပ်ပိုင်းဆိုင်ရာအရ၊ စိတ်ပိုင်းဆိုင်ရာအရ၊ လိင်ပိုင်းဆိုင်ရာအရ ထိခိုက်စေခြင်းဖြစ်ပါတယ်။ နာမကျန်းဖြစ်အောင်လုပ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ လျစ်လျူရှုခြင်း ဒါမှမဟုတ် ကလေးငယ်တွေရဲ့လုံခြုံမှုကို ထိခိုက်စေခြင်းတို့လည်း ပါဝင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်းဆိုတာက ကလေးရဲ့စိတ်ခံစားချက်ကို ထိခိုက်အောင်လုပ်တာမျိုး၊ စိတ်ပိုင်းဆိုင်ရာထိခိုက်စေတာမျိုး၊ လူမှုအသိုင်းအဝန်းမှာ အဆိုးမြင်စိတ်ဖြစ်သွားအောင် လုပ်တာမျိုးပါ။

ဘယ်လိုပုံစံမျိုးက အနိုင်ကျင့်တဲ့ပုံစံဖြစ်သလဲဆိုရင် အပြင်းအထန်ဝေဖန်ရှုတ်ချတာ၊ အပြစ်တင်တာ၊ နှိမ်တာ၊ လျစ်လျူရှုအဖက်မလုပ်တာ၊ ဖယ်ကျဉ်ထားတာ၊ လှောင်ပြောင်ရယ်မောတာ၊ မခံချင်အောင် စနောက်တာ၊ မရိုးသားတာ စတဲ့အမူအကျင့်မျိုးတွေ ပါဝင်ပါတယ်။

ဒီလို ဆက်ဆံတာကြောင့် ဘာတွေဖြစ်လာနိုင်သလဲဆိုရင် မိသားစု ဒါမှမဟုတ် ပတ်ဝန်းကျင်အသိုင်းအဝန်းမှာ လူမှုဆက်ဆံရေးအဆင်မပြေတော့တာ၊ တစ်ဦးတည်းသီးခြားဖြစ်လာတာတွေဖြစ်နိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်းက ပုံစံအမျိုးမျိုးနဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်က ကလေးသူငယ်တွေထံမှာ ဖြစ်ပေါ်နေတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရခြင်းရဲ့ဆိုးကျိုးတွေက ချက်ချင်းမသိနိုင်သလို၊ မြင်လည်းမမြင်နိုင်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ကလေးက အရွယ်ရောက်လာမှသာ အခြားသူများအပေါ်ဆက်ဆံပုံ၊ အခြားသူများနဲ့ ပေါင်းသင်းဆက်ဆံရေး၊ အခြားသူများအပေါ် အနှောင့်အယှက်ပေးခြင်း စတဲ့ပုံစံတွေကနေမှတဆင့် တဖြေးဖြေးပေါ်လာနိုင်တာမျိုးဖြစ်ပါတယ်။

လျစ်လျူရှုထားခြင်းက အပြုအမူပုံစံတစ်မျိုးဖြစ်ပါတယ်။ အချိန်ကာလတစ်ခုအတွင်းဖြစ်ပေါ်နေတာမျိုးဖြစ်ပေမယ့် ရလဒ်ကတော့ ကလေးရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေအပေါ်ကော ကလေးရဲ့ဖွံ့ဖြိုးမှုအပေါ်ကော သက်ရောက်မှုရှိပါတယ်။ တကယ်တော့ အဲဒါက ကလေးရဲ့အခြေခံလိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်တာပါပဲ။ အဲဒါသည်လည်း child abuse နဲ့ အကျုံးဝင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်းမှာတော့ ကလေးကို ရိုက်နှက်တာ၊ ကန်ကြောက်တာ၊ နာကျင်အောင်လုပ်တာ စတဲ့အချက်တွေပါဝင်ပါတယ်။ မိသားစုထဲမှာဖြစ်ဖြစ် ပတ်ဝန်းကျင်ကဖြစ်ဖြစ် ကလေးကို အလွန်အကျွံနာကျင်စေအောင်ပြုမူတာ၊ ကလေးအရွယ်နဲ့မသင့်တော်အောင် နာကျင်စေတာ စတဲ့အရာတွေအကျုံးဝင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်းက တစ်ခါတည်းနဲ့ ပြီးသွားနိုင်သလို၊ တစ်ချို့တွေကျတော့ နှစ်ရှည်လများ အနိုင်ကျင့်ခံနေရခြင်းမျိုးလည်း ရှိပါတယ်။ ကလေးကို ထိခိုက်နာကျင်အောင်လုပ်ရာမှာ အသေးဆုံး ရိုက်နှက်​နာကျင်စေတာကနေ အကြီးဆုံး အရိုးတွေကျိုးလောက်အောင်နာကျင်စေတာ နောက်ဆုံးသေဆုံးစေတဲ့အထိ နှိပ်စက်တာတွေ ပါဝင်ပါတယ်။

လိင်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်ခြင်းမှာ အပြုအမူအားဖြင့်၊ အမူအကျင့်အားဖြင် ကလေးသူငယ်၊ အရွယ်ရောက်ပြီးသူ၊ အသက်အရွယ်ကြီးသူ ဒါမှမဟုတ် ပိုပြီး ကလေးအပေါ်အာဏာသက်ရောက်မှုရှိသူတွေက ကလေးကို လိင်ပိုင်းဆိုင်ရာအတွက် အသုံးချခြင်းဖြစ်ပါတယ်။

ဒီလိုအထဲမှာ တခါမှ မသိဖူးသေးတဲ့ လူစိမ်းလည်း ပါဝင်နေနိုင်ပါတယ်။ အများအားဖြင့်တော့ ကလေးက အမြဲလိုမြင်တွေ့နေပြီး၊ ကလေးနဲ့ခင်မင်နေသူ၊ ကလေးကယုံကြည်နေသူမျိုးလည်း ပါဝင်နေတတ်ပါတယ်။


အနိုင်ကျင့်တဲ့အမူအကျင့်တွေထဲမှာ ကလေးရဲ့ရင်သားကို ကိုင်တွယ်တာ၊ ကလေးကို လိင်ပိုင်းဆိုင်ရာရည်ရွယ်ချက်နဲ့ ကလေးရဲ့မလျော်ကန်တဲ့နေရာတွေကို စမ်းသပ်ကိုင်တွယ်တာ၊ ကိုယ်ထိလက်ရောက်လိင်ပိုင်းဆိုင်ရာအရ ပြုမူတာ၊ ကလေးကို လိင်ပိုင်းဆိုင်ရာဗီဒီယိုဖိုင်တွေ ဓာတ်ပုံတွေပြသတာ စတဲ့အပြင် အခြားလိင်နဲ့ပတ်သက်တဲ့အပြုအမူပေါင်းများစွာ ပါဝင်ပါတယ်။

ဒီလိုမျိုး Child Abuse တွေကို ခံစားလာရတဲ့ ကလေးတစ်ယောက်ဟာ စိတ်မလုံခြုံမှုတွေနဲ့ကြီးပြင်းလာရပြီး သိမ်ငယ်လူတောမတိုးတာ၊ Childhood Trauma ရလာပြီး ပတ်ဝန်းကျင်အတွက် အဆိပ်အတောက်ဖြစ်လာတာ စတဲ့ အခြေအနေဆိုးတွေကို ဖန်တီးလာပါတော့တယ်။ ဒီလိုမျိုး လူသားမျိုးနွယ်ကို ထိခိုက်စေတဲ့ Childhood Trauma ရဲ့ သားကောင်တွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာများမလာဘဲ ယဥ်ကျေးတိုးတက်တဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ဆိုရင် Child Abuse ကို ကျွန်တော်တို့ တိုက်ဖျက်ဖို့ လိုပါတယ်။

မင်းမော်ကွန်း ဆဲဆိုထားသော ပို့စ်တစ်ခုနှင့် တွေ့ရစဥ်

Child Abuse ဟာ ဟာသမဟုတ်ပါ

ကျွန်​တော်တို့ မြန်မာတွေဟာ Child Abuse ကို လွယ်လွယ်ကျုးလွန်တတ်သူတွေပါ။ ဥပမာအားဖြင့် ကလေးတစ်ယောက်ကို ”မင်းအမေ ကုလားကြီးနောက်ပါသွားပြီ”ဆိုတဲ့စကားမျိုးနဲ့ စိတ်ပိုင်းဆိုင်ရာနှိပ်စက်တာမျိုး၊ အရွယ်ရောက်နေပြီးဖြစ်တဲ့ လူကြီးတစ်ယောက်ခွန်အားနဲ့ က​လေးတစ်ယောက်ကို ချစ်လို့စတာအမည်တပ်ပြီး လိမ်ဆွဲတာ၊ ဆိတ်ဆွဲတာ၊ ဆောင့်ဆွဲ ​ဆောင့်တွန်းတာ၊ မတော်ရာကို သားရေပင်လိုမျိုးနဲ့ပစ်တာမျိုးတွေ အပျော်လုပ်တတ်ကြပါတယ်။ လုပ်တဲ့သူကတော့ အပျော်ပေမဲ့ ခံရတဲ့ကလေးကတော့ အသားတွေ နီရဲစုတ်ပြတ်သွားမတတ်ခံရပြီး အသည်းအသန်ငိုကြွေးရတာမျိုးတွေကိုလည်း အရသာခံတတ်ကြပါသေးတယ်။ ဒါ့အပြင် ဖက်တီးမ၊ ဝက်ပုတ်မ၊ သွားခေါ၊ နဖူးမောက်၊ ထော့ကျိုး၊ စွေစောင်း၊ ဖင်မဲ၊ ကောက်ကွေး စသည်ဖြင့် ကလေးတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ကို ချိုးနှိမ်အမည်တပ်ပြီး ဒီအားနည်းချက်မှာ အမြဲတမ်းသိမ်ငယ်နာကျင်နေအောင်လည်း တစ်သက်တာစိတ်နာစေမဲ့ အမည်ပြောင်တွေပေးပြီး အောက်တန်းကျတတ်ပြန်ပါသေးတယ်။

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုမှာလည်း ”ဂျိုးကလေးက ချစ်စရာလေး” ဆိုတာမျိုးကနေ ”ကြီးလာရင် မမကိုယူမလား” ဆိုတာမျိုးအဆုံး၊ ”ချွေးမလေးခေါ်ပြီး ငါ့သားတွေယူရမယ်”ဆိုတာမျိုးကနေ ပွေ့ဖက်ကိုင်တွယ်ပြီး မထိအပ်တဲ့ အစိတ်အပိုင်းတွေကို စနောက်ကိုင်တွယ်တာမျိုးဟာ အရိုးစွဲနေတဲ့ သူတွေပါ။

ဒီလိုမျိုး အရိုးစွဲနေတဲ့ အလေ့အထတွေဟာ ဆယ်စုနှစ်ပေါင်းများစွာတည်မြဲနေတာ ဒီလိုမျိုး Child Abuse တွေကြောင့် ကျွန်တော်တို့ကိုယ်တိုင် Childhood Trauma တွေနဲ့ ကြီးပြင်းလာရတာကို ဘာလို့များ နောင်မျိုးဆက်ကို လက်ဆင့်ကမ်းမလဲ။ ဘာလို့များ ရယ်စရာလို့ ထင်ပြီး ဟာသလုပ်နေကြမလဲ။ မင်းမော်ကွန်းဟာ သူ့ရဲ့ သမ္ဖပ္ပလဝါစာ၊ ဖရုဿဝါစာတွေကြောင့်၊ သူနဲ့ သူ့ကို Child Abuse လုပ်ခဲ့တဲ့ ရန်အောင်ဆိုသူနဲ့ ညှိနှိုင်းမှုပြုလုပ်နေတာကြောင့် စနောက်ရယ်စရာဖြစ်လာပေမဲ့ Child Abuse ဟာ ရွံရှာစရာ မလုပ်အပ်တဲ့ အရာဆိုတာတော့ ကျွန်တော်တို့ မေ့မထားဖို့ လိုအပ်ပါတယ်။

သေချာတာကတော့ Child Abuse ကိုသာ ရယ်စရာအဖြစ်သတ်မှတ်ပြီး ပေါ့ပေါ့ပါးပါး ဆက်ကျုးလွန်နေရင်တော့ ကျွန်တော်တို့ လူသားဝန်းကျင်မှာ ကလေးဘဝက ခံစားရတဲ့ စိတ်ဒဏ်ရာတွေ Childhood Trauma တွေနဲ့ နာကျင်နေရတဲ့ လူသားတွေချည်းဖြစ်လာပြီး သူများဒုက္ခရောက်ရင် မကူညီဘဲပျော်တာ၊ သူများအသက်အိုးအိမ်စည်းစိမ်ပျက်စီးဖို့ လှုဒါန်းပြီး အောက်တန်းကျတာ၊ သူများအသက်အိုးအိမ်စည်းစိမ်ပျက်စီးတာကို ဒလန်၊ သူလျှိုတွေ သေကုန်အေးတာပဲ ဆိုပြီး အောင်ပွဲခံကြတာ စတဲ့ အောက်တန်းစားတွေပဲ ဆက်ကြီးစိုးပြီး ယဥ်ကျေးတဲ့လူ့ဘောင်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူးဆိုတာပါပဲ။

Ref : ; Bawa 101; What is Child Abuse?

Leave a Reply

Your email address will not be published. Required fields are marked *