၁၉.၁၁.၂၀၂၅
Written by Thiri
ကျောက်ကပ်ရောဂါဖြစ်ပြီ၊ ကုသမှုခံယူရပြီ၊ ကျောက်ကပ်ဆေးရပြီဆိုပါက ကုန်ကျစရိတ်ကြီးမားသလို လူမှုစီးပွားအကုန်ချွတ်ချုံကျတာမို့ ဝေဒနာရှင်ကသော်လည်းကောင်း၊ ဝေဒနာခံစားနေရသူက သော်လည်းကောင်း၊ ကုသမှုကိုလက်လျှော့ဖို့ ရွေးချယ်လိုက်ကြတာတွေ၊ အိမ်မှာပဲ သေဖို့ရက်ကို ဆေးမြီးတိုနဲ့ စောင့်နေရတာတွေ၊ လူနာစွန့်ပစ်ခံရတာတွေ၊ လူနာက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာတွေ ဒါမျိုးတွေကို ဒီနှစ်ပိုင်းတွေမှာ ခပ်စိပ်စိပ်ကြားသိလာရပါတယ်။
အလားတူပဲ ရှင်သန်ဖို့ရွေးချယ်ပြီး အရှုံးမပေးဘဲ ကြိုးစားကြတဲ့ ဝေဒနာရှင် လူငယ်လေးတွေလည်း တွေ့မြင်ရပါတယ်။ စေတနာရှင်တွေရဲ့ ကူညီဖေးမလှူဒါန်းမှုတွေရရှိဖို့ အွန်လိုင်းပေါ်ကနေ အလှူခံပြီး ကျောက်ကပ်ဆေးတာကနေ အိန္ဒိယနိုင်ငံအထိ သွားရောက်ကာ အစားထိုးကုသနိုင်ခဲ့အထိ အကူအညီကောင်းတွေ ရရှိခဲ့ကြပါတယ်။
အဲဒီလိုကျောက်ကပ်ဝေဒနာခံစားနေရသူတွေထဲ မချိုမာဦးဆိုတဲ့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကလည်း ကုဖို့ ငွေမရှိတာမို့ သေဖို့လက်လျှော့ထားပေမယ့် ဝေဒနာဖိစီးတဲ့ ဒဏ်ကြောင့် ကျောက်ကပ်ဆေးပေးဖို့ သူ့ကိုကူညီပါလို့ တောင်ငူက Save The Trees Rescue Team ဆီ အကူအညီတောင်းလာတယ်လို့ သိရပါတယ်။
မချိုမာဦးတို့ မိသားစုက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုကနေ ဆွေမျိုးနီးစပ်တွေရှိတဲ့ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာမှာ လာရောက်ခိုကပ်နေထိုင်သူတွေပါ။ ပြီးခဲ့တဲ့စက်တင်ဘာ နောက်ဆုံးအပတ်လောက်က ကြုံရာကျပမ်း အလုပ်လိုက်လုပ်တဲ့ သူမဖခင် ဆိုင်ကယ်တိုက်ပြေးတာ ခံရလို့ ဆေးကုသမှုခံယူနေရချိန်၊ မိသားစုတွင်း တရှောင်ရှောင်ဖြစ်နေတာကြာပြီဖြစ်တဲ့ သူမအတွက် အိမ်သုံးဆေးဝါး၊ ဆေးမြီးတိုတောင် မမှီဝဲနိုင်တော့တဲ့ အနေအထားကို ကြုံခဲ့ရပြီး ဝေဒနာသည်းလာလို့ တောင်ငူဆေးရုံဆီတင်ပို့ချိန်မှာ ကျောက်ကပ်နှစ်ဖက်စလုံး ပျက်စီးနေပြီလို့ သိရပါတယ်။
Save The Trees Rescue Team မှ ကိုကျော်သူရက “မိသားစုတွေက ငွေလည်းမရှိဘူးပေါ့။ တောင်ငူဆေးရုံတက်လာတောင် ငွေကြေးမပါလာဘူး။ အသည်းအသန်ဖြစ်နေတယ်ဆိုပြီး အကူအညီတောင်းလို့ အသင်းက ကားနဲ့တောင်ငူဆေးရုံ လိုက်ပို့တာ။ တောင်ငူကနေ အခု နေပြည်တော် ထပ်လွှဲတယ်။ မိသားစုက လက်လျှော့ပေမယ့် လူနာက သူ့ဝေဒနာ သက်သာချင်ပါတယ်။ ကျောက်ကပ်ဆေးပေးပါလို့ အကူအညီတောင်းလာတယ်။ အခုဆေးဝါးကုသမှုတွေတော့ နေပြည်တော် ဆေးရုံကြီးမှာ စတင်ဆောင်ရွက်နေပါပြီ။ လူနာအတွက် ဆေးကုသစရိတ်ကတော့ အရေးပေါ်လိုအပ်နေတာပေါ့” လို့ MT News ကို ပြောပါတယ်။
ကမ္ဘာပေါ်ရှိ မကူးစက်နိုင်တဲ့ရောဂါတွေရဲ့ အသံတိတ်လူသတ်သမားလို့တင်စားကြတဲ့ ကျောက်ကပ်ရောဂါကို ကမ္ဘာ့လူဦးရေ သန်း ၈၀၀၀ ကျော်မှာ ၁၀ ဦးကို တစ်ယောက်နှုန်း ခံစားနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါနဲ့ အဝလွန်ရောဂါတွေဖြစ်ပွားမှုများလာတာနဲ့အမျှ နာတာရှည်ကျောက်ကပ်အားနည်းရောဂါ ဖြစ်ပွားမှုမှာလည်း တိုးမြင့်လာတာကြောင့် ကျန်းမာရေးပညာရှင်တွေက အသိပညာပေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်လာပြီး နှစ်စဉ် မတ်လ ၉ ရက်နေ့ ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့ရောက်တိုင်း အသိပညာပေးဆွေးနွေးပွဲတွေ ၂၀၀၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံ ပါဝင်ဆွေးနွေးလုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
ကမ္ဘာမှာ သေစေနိုင်တဲ့ရောဂါတွေကို အဆင့်ခွဲထားရာမှာ ကျောက်ကပ်ရောဂါကြောင့် သေဆုံးမှုနှုန်းက အဆင့်ရှစ်နေရာမှာ ရောက်ရှိနေပြီး ကုသရာမှာ ကျောက်ကပ်အစားထိုးကုသမှုကသာ အထိရောက်ဆုံးကုသမှုဖြစ်တယ်လို့လည်း သိရပါတယ်။ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်းက အထိရောက်ဆုံးကုသမှုဖြစ်ပြီး ကျောက်ကပ်ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အစားအစာတွေကို စားသုံးတာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမှန်မှန်လုပ်တာ၊ ဆရာဝန်ညွှန်ကြားချက်ကိုကျော်လွန်ကာ အကိုက်အခဲ ပျောက်ဆေးလို ဆေးဝါးတွေကို သောက်သုံးမှု ရှောင်ကျဉ်တာနဲ့ အရက်၊ ဆေးလိပ် အမျိုးအစားမျိုးစုံ သို့မဟုတ် တရားမဝင် ဆေးတွေ စတာတွေက ကျောက်ကပ်ကို ထိခိုက်စေနိုင်တာမို့ ဆင်ခြင်နိုင်ဖို့ကိုလည်း ကျန်းမာရေးပညာရှင်တွေက အသိပညာပေးမျှဝေထားပါတယ်။
