◾️ KK Park နယ်မြေအား ထပ်မံအခြေမချနိုင်ရန်အတွက် အဆောက်အအုံများကို ၁၀၀ ရာခိုင်နှုန်း ဖျက်ဆီးနိုင်အောင် စက်ယန္တရားများအပြင် အဆင့်မြင့် ဖောက်ခွဲမှုများဖြင့်ပါ ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား
◾️ ဖောက်ခွဲဖျက်ဆီးမှုမှ အပိုင်းအစများ တစ်ဖက်နိုင်ငံသို့ ကျရောက်သည်ဟု စွပ်စွဲမှုမှာ မမှန်ကြောင်းနှင့် အဆင့်မြင့်နည်းပညာသုံးထား၍ ဘေးရှိသစ်ပင်တောင် လှုပ်ခတ်မှုမရှိ တည့်တည့်ပြိုကျခဲ့မှု ဗွီဒီယိုမှတ်တမ်းနှင့်တကွ ရှင်းလင်းခဲ့ပြီးဖြစ်ဟုပါ ပြောကြား
◾️ အမေရိကန်၏ ထုတ်ပြန်မှုများ Hidden Agenda ပါဝင်နေပြီး မြန်မာနိုင်ငံရှိ လိမ်လည်မှုစင်တာနှစ်ခုကို စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်ဆိုသည်မှာ မြေပြင်မှာ မတွေ့ရပါ တုံ့ပြန်
၁၉. ၁၁. ၂၀၂၅
Written by Nyein Kyaw
KK Park၊ ရွှေကုက္ကိုလ်နှင့် ကျောက်ခတ်အပါအဝင် မြဝတီဒေသနှင့် မြန်မာ့မြေပေါ်ရှိ အွန်လိုင်းလောင်းကစားမှုအားလုံး အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း မြဝတီဒေသတွင်ပြုလုပ်နေသော Online လိမ်လည်လောင်းကစားမှုတိုက်ဖျက်ချေမှုန်းနေမှုများ၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရှိရသည်။
“နိုဝင်ဘာလ ၁၈ ရက်နေ့မနက်မှာပဲ မြဝတီမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်နယ်မြေကို ဌာနဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ ပထမဦးစွာ အဲဒီထဲမှာရှိနေတဲ့ ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ ၃ လုံးကို အရင်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ အဲဒီထဲကနေ စိစစ်ဆဲ နိုင်ငံခြားသား ၃၄၆ ဦး ဖမ်းမိခဲ့ပါတယ်။ Online လောင်းကစားမှုမှာ အသုံးပြုနေတဲ့ ဖုန်းအလုံးရေ တစ်သောင်းနီးပါးလောက် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပစ္စည်းတွေလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ တစ်ဖက်နိုင်ငံကို ထွက်ပြေးမယ့်သူတွေကိုလည်း ကျွန်တော်တို့ ပိတ်ဆို့ ဖမ်းဆီးလျက်ရှိပါတယ်။ ဒီနယ်မြေမှာ Online လောင်းကစားမှုလုပ်ဆောင်နေတဲ့ နယ်မြေ ၃ ခုရှိပါတယ်။ အဲဒါတွေကတော့ နံပါတ်တစ်ကတော့ KK Park နယ်မြေ၊ နံပါတ်နှစ်ကတော့ ရွှေကုက္ကိုလ်နယ်မြေနဲ့ နံပါတ်သုံးကတော့ ကျောက်ခတ်နယ်မြေဖြစ်ပါတယ်။ KK Park နယ်မြေကတော့ အားလုံးသိတဲ့အတိုင်းပဲ မြဝတီမြို့ရဲ့ တောင်ဘက်မှာရှိတယ်။ ရွှေကုက္ကိုလ် နယ်မြေကတော့ မြဝတီမြို့ရဲ့ မြောက်ဘက်မှာရှိတယ်။ ကျောက်ခတ်ဒေသကတော့ တောင်ဘက်အစွန်ဆုံးပေါ့။ KK Park ရဲ့တောင်ဘက်မှာရှိတဲ့ နယ်မြေတွေဖြစ်ပါတယ်။ ဒီနေရာတွေမှာ ဘယ်သူတွေပါဝင်ပတ်သက်နေတယ်ဆိုတဲ့ဟာကလည်း ကျွန်တော် ယခင်တုန်းက အတိအလင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ KK Park နယ်မြေနဲ့ ပတ်သက်ပြီး ကျွန်တော် အားလုံးကို ရှင်းလင်းပြောပြတဲ့နေရာမှာ အထောက်အထားတွေနဲ့ ဘယ်သူတွေနဲ့ ဘယ်အချိန်တုန်းက စာချုပ်ချုပ်ခဲ့တယ်၊ KNU အဖွဲ့ထဲက သူတွေနဲ့ စာချုပ်ဘယ်လိုချုပ်ခဲ့တယ်၊ ဘယ်လိုမျိုးဆောင်ရွက်ခဲ့တယ်၊ ဘယ်သူတွေပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ ကျွန်တော် ရှင်းလင်းပြောကြားပြီးဖြစ်ပါတယ်။ KK Park နယ်မြမှာ အဓိကကတော့ မုလအိအလင်းကုမ္ပဏီ၊ Tran-Asia International Holding Group (Thailand)ကုမ္ပဏီတွေ ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ ရွှေကုက္ကိုလ်နယ်မြေမှာကတော့ Myanmar Yatai International Holding Group ကုမ္ပဏီ ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ ကျောက်ခတ်နယ်မြေမှာကတော့ Chongkhaed Garden Resort ကုမ္ပဏီက ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ အဲဒီနယ်မြေမှာ ရောက်ရှိပြီး Online လောင်းကစားမှုတွေ၊ Online လိမ်လည်မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ နိုင်ငံခြားသားတွေ ဘယ်လိုမျိုးရောက်ရှိလာသလဲဆိုတဲ့ဟာကို ကျွန်တော်တို့ရှင်းပြပြီး ဖြစ်ပါတယ်။ အဲဒီကိုရောက်ရှိလာတဲ့ Online လိမ်လည်တဲ့ နိုင်ငံခြားသားတွေဟာ ၉၉ ဒသမ ၅ ရာခိုင်နှုန်းလောက်က တစ်ဖက်နိုင်ငံကနေတစ်ဆင့် မြန်မာနိုင်ငံထဲကို ကူးပြောင်းရောက်ရှိလာတာဖြစ်ပါတယ်။ အဲဒီနယ်မြေမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ မြဝတီမြို့နဲ့ အလှမ်းကွာဝေးတဲ့ ခုနကနယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင် EAOs, KNU, KNLA အဖွဲ့၊ ပြီးရင် NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တချို့သော EAO အဖွဲ့တွေ၊ ပြီးရင် နယ်ခြားစောင့်တပ်ဖွဲ့ အမည်ခံတပ်ဖွဲ့တွေ ဝင်ရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ အဲဒီလူတွေကိုပဲ ချဉ်းကပ်ပြီးတော့ ကိုယ်ကျိုးရှာစီးပွားရေးသမားတွေက အဲလူတွေ နဲ့ ဆက်စပ်ပြီးတော့ ဒီလုပ်ငန်းတွေကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြဝတီမြို့နဲ့အနီးတစ်ဝိုက်ကို ကျွန်တော်တို့လွှမ်းမိုးနိုင်တဲ့နေရာတစ်ဝိုက်မှာ Online လောင်း ကစားမှုတိုက်ဖျက်ရေးတွေ စတင်ဆောင်ရွက်ခဲ့တယ်။ တဖြည်းဖြည်း နယ်မြေငြိမ်းချမ်းလာတာနဲ့အမျှ နယ်မြေစိုးမိုးရေး၊ နယ်မြေရှင်းလင်းရေးတွေလုပ်ပြီး Online လိမ်လည်မှု အမြစ်ပြတ်ပပျောက်ရေးအတွက် ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများ ဆောင်ရွက်နေသည့် KK Park နယ်မြေအား ထပ်မံအခြေမချနိုင်ရန်အတွက် အဆောက်အအုံများကို ၁၀၀ ရာခိုင်နှုန်း ဖျက်ဆီးနိုင်အောင် စက်ယန္တရားများအပြင် အဆင့်မြင့် ဖောက်ခွဲမှုများဖြင့်ပါ ဆောင်ရွက်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြဝတီမြို့နှင့် အလှမ်းကွာဝေးသည့် KK Park နယ်မြေ၊ ရွှေကုက္ကိုလ်နယ်မြေနှင့် ကျောက်ခေတ်နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင် EAOs, KNU, KNLA အဖွဲ့၊ ထို့ပြင် NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တချို့သော EAO အဖွဲ့များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ အမည်ခံတပ်ဖွဲ့များ ဝင်ရောက်ကာ ကိုယ်ကျိုးရှာစီးပွားရေးသမားများနှင့် ဆက်စပ်ပြီး ယင်းလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ ယင်းအချက်လက်များကိုလည်း စာချုပ်ချုပ်ဆိုထားမှုအထောက်အထားများနှင့်တကွ ရှင်းလင်းထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြဝတီမြို့နှင့် အနီးတစ်ဝိုက်ကို တပ်မတော်က ထိန်းချုပ်နိုင်ခဲ့သည့် နေရာတစ်ဝိုက်တွင် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးများ စတင်ဆောင်ရွက်ခဲ့ပြီး တဖြည်းတဖြည်း နယ်မြေတည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ နယ်မြေစိုးမိုးရေး၊ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ပြီး အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်ပပျောက်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“အဲလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ စစ်သည်တွေ၊ ဝန်ထမ်းတွေ အသက်၊ သွေး၊ ချွေးပေးဆပ်ပြီး လုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ ဒီနယ်မြေမှာ တရားမဝင်ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေကို ကျွန်တော်တို့စစ်ဆေးပြီးဖြစ်ပါတယ်။ တချို့စစ်ဆေးချက်မှတ်တမ်းတွေကို မီဒီယာများ၊ မိဘပြည်သူများသိအောင် ကျွန်တော်တို့ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ အဲဒီထုတ်ပြန်ပြောကြားချက်ကိုကြည့်ရင် ဒီလူတွေဟာ ဘယ်ကနေရောက်လာလဲ၊ ဘာတွေလုပ်ခဲ့လဲဆိုတာကို အထင်အရှားသိနိုင်မှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် KK Park ၊ ရွှေကုက္ကိုလ်၊ ကျောက်ခတ်ဒေသ အဆိုပါ နယ်မြေသုံးခုအတွင်း အခြေခံလူနေထိုင်မှု ရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး စသည်တို့က တစ်ဖက်နိုင်ငံမှတစ်ဆင့် ရရှိနေခြင်းဖြစ်သည့်အတွက် ကန့်ကွက်ခဲ့ခြင်းကြောင့် တစ်ဖက်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး ပိတ်ပင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ ပထမဦးဆုံး နယ်မြေစိုးမိုးရေး၊ ရှင်းလင်းရေးလုပ်ခဲ့တဲ့ KK Park လိုနယ်မြေမျိုးမှာ ပြန်လည်ပြီး Online လောင်းကစားမှုတွေ အခြေမချနိုင်ဖို့အတွက် အဲ့မှာရှိနေတဲ့ အဆောက်အအုံတွေကို ကျွန်တော်တို့ ၁၀၀ ရာခိုင်နှုန်း ဖျက်ဆီးနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်ခဲ့တဲ့နေရာမှာလည်း စက်ယန္တရားတွေနဲ့ ဖြိုဖျက်ခဲ့တာတွေရှိတယ်။ အဆင့်မြင့်ဖောက်ခွဲခဲ့တာမျိုးတွေ ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အဆိုပါ ဖောက်ခွဲမှုများနှင့် ပတ်သက်ပြီး တစ်ဖက်နိုင်ငံအနေဖြင့် အဆိုပါ ဖောက်ခွဲလိုက်သည့် အစအနများ ၎င်းတို့နိုင်ငံထဲသို့ ကျရောက်ကြောင်း ကန့်ကွက်မှုမျိုးများ ရှိကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ဗီဒီယိုမှတ်တမ်းများ ဆောင်ရွက်ထားပြီး တစ်ဖက်နိုင်ငံသို့လည်း ဖောက်ခွဲဖျက်စီးမှုအစအနများ မကျရောက်ကြောင်း ဗီဒီယိုမှတ်တမ်းများဖြင့် ပြသရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“သူတို့ကို ဒီအစအနတွေမကျဘူးဆိုတာလည်း ဗီဒီယိုမှတ်တမ်းတွေနဲ့ ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါကျွန်တော် ပုံတစ်ပုံကို ပြလိုပါတယ်။ ဒီမှာဆိုရင် ဒါ KK Park ထဲမှာရှိတဲ့ အဆောက်အအုံကို ကျွန်တော်တို့ ဖြိုချဖျက်ဆီးတာဖြစ်ပါတယ်။ ဖြိုချဖျက်ဆီးတဲ့နေရာမှာ ဒီအဆောက်အအုံဟာ တည့်တည့်ပဲအောက်ကို ပြိုကျသွားတာ ဖြစ်ပါတယ်။ အဆင့်မြင့်ဖောက်ခွဲနည်းပညာနဲ့ အသုံးပြုတဲ့အတွက်ကြောင့်မို့လို့ အောက်ကိုပြိုကျသွားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တစ်ဖက်နိုင်ငံထဲကိုကျဖို့နေနေသာသာ သူ့ရဲ့ဘေးနားမှာရှိတဲ့ သစ်ပင်တွေတောင် မလှုပ်ဘူးဆိုတာတောင် တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်နိုင်ငံရဲ့ နယ်စပ်အနီးမှာကပ်နေတဲ့ Hotel တစ်လုံးကိုလည်း ကျွန်တော်တို့ ဖြိုချဖျက်ဆီးခဲ့ပါတယ်။ ဒီလိုဖြိုချဖျက်ဆီးတဲ့နေရာမှာလည်း တစ်ဖက်နိုင်ငံကိုကျရောက်ဖို့နေနေသာသာ တစ်ဖက်နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့နယ်ခြားမျဉ်းဖြစ်တဲ့ ဒီမြစ်ထဲကိုတောင်မှ အစအန ကျတာမတွေ့တာကို ထင်ရှားစွာတွေ့နိုင်မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့ အဆောက်အအုံများ ဖြိုချရှင်းလင်းခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံအနေဖြင့် နိုဝင်ဘာလ ၁၂ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းတွင် အွန်လိုင်းလိမ်လည်မှုမှ အမေရိကန်နိုင်ငံကို ကာကွယ်ရန်ဆိုကာ District of Columbia Scam Center Strike Force ကို ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများ (TCOs) များက cryptocurrency ရင်းနှီးမြှုပ်နှံမှု၊ လိမ်လည်မှုများနှင့် ယုံကြည်မှု၊ လိမ်လည်မှုအမျိုးမျိုးကို အသုံးပြုပြီး နေ့စဉ် အမေရိကန်များ၏ စုဆောင်းငွေများ၊ အသက်များကို ခိုးယူလျက်ရှိကြောင်း၊ လိမ်လည်မှုစင်တာများသည် အမေရိကန်မှ တရုတ်ရာဇဝတ်ဂိမ်းများ၏ အိတ်ကပ်ထဲသို့ မျိုးဆက်တစ်ခုပြီးတစ်ခု ချမ်းသာကြွယ်ဝမှုရှိအောင် ဖန်တီးနေကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး Strike Force Burma အဖွဲ့သည် မြန်မာနိုင်ငံရှိ လိမ်လည်မှုစင်တာနှစ်ခုကို စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်ဆိုသည်များလည်း ပါဝင်ကြောင်း သိရသည်။
“သူတို့ စစ်ဆင်ရေး ဘယ်လိုလုပ်ခဲ့လဲ၊ မလုပ်ခဲ့လဲဆိုတာတော့ ကျွန်တော်တို့လည်း မသိပါဘူး။ မြေပြင်မှာလည်း တွေ့ရတာတော့မရှိပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ KK Park ကဲ့သို့သော လိမ်လည်မှုနေရာများကို တိုက်ဖျက်ရန်အတွက် Royal Thai Police War Room Task Force နဲ့ အတူပူးပေါင်းဆောင်ရွက်ရန် ဗန်ကောက်ကို FBI Agent များ စေလွှတ်ခဲ့သည်ဆိုတာလည်း ပါပါတယ်။ ဒါဟာ သူတို့ထုတ်ပြန်တဲ့ နှစ်မျက်နှာလောက်ရှိတဲ့ ထုတ်ပြန်ချက်ထဲက ကျွန်တော်တို့ ထုတ်နုတ်ပြီးပြောတာ ဖြစ်ပါတယ်။ ဒါတွေကို သုံးသပ်ကြည့်ရင် ဒီနိုင်ငံအနေနဲ့ ခုနကပြောတဲ့ Online လိမ်လည်မှု၊ Online လောင်း ကစားမှုတိုက်ဖျက်ရေးဆိုတာထက် Hidden Agenda နက်နဲတဲ့ လျှို့ဝှက်ရည်ရွယ်ချက် တစ်ခုရှိနေနိုင်တယ်လို့ ကျွန်တော်တို့ သုံးသပ်ရရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အဆိုပါ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြတ်ပြတ်သားသားတိုက်ဖျက်ရန် နိုင်ငံတော်ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ညွှန်ကြားထားပြီးဖြစ်သည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း ခြောက်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေ၊ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒီ Online လိမ်လည်မှု၊ လောင်းကစားမှုတွေကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းသွားအောင် အမြစ်ပြတ်ချေမှုန်းသုတ်သင်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။












