၁၃.၁၁.၂၀၂၅
Written by NYL
စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာကျောင်းတိုက်တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြောင်း အဆိုပါကျောင်းတိုက်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ဖော်ပြခဲ့သည်။



IBEC အဓိပတိဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တသောဘိတ၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများကို စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများကို တစ်ကိုယ်ရည်ကိုယ်ကာယကျန်းမာရေး၊ သွားကျန်းမာရေး စသည်တို့ကို စစ်ဆေးပေးခဲ့ပြီး ကျန်းမာရေးဆိုင်ရာအသိပညာများ မျှဝေပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများကို လာရောက်ကြည့်ရှုပေးသည့် စစ်ကိုင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆိုင်ရာဝန်ထမ်းများကို IBEC ဆရာတော်နှင့် IBEC ကျောင်းတော်ကြီးမှ ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း ထုတ်ပြန်ထားသည်။


ထို့ပြင် IBEC ကျောင်းတော်ကြီးတွင် ငလျင်ကြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ငလျင်ဒဏ် ကြုံတွေ့ခဲ့ရသည့် ရဟန်းရှင်လူမိဘပြည်သူများအတွက် ကျောင်းဆေးပေးခန်းတွင်ဖွင့်လှစ်ထားပြီး အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းဆေးခန်းကို ဧပြီလကတည်းကပင် စဥ်ဆက်မပြတ်ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် တနင်္လာနှင့် သောကြာ တစ်ပတ်လျင်နှစ်ရက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး IBEC အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ ကျောင်းတော်ကြီးသည် “ပရိယတ္တိနှင့် ခေတ်ပညာယှဥ်တွဲကာသင်ကြား အနာဂတ်သာသနာတော်အတွက် ခွန်အားဖြစ်စေရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ ပရိယတ္တိစာပေများကို ခေတ်စနစ်နှင့်အညီ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
