နေမိုး
၁၃. ၁၁. ၂၀၂၅
မြစ်ကြီးနားမြို့ပေါ်ရှိ ဇေယျမင်္ဂလာဘုန်းကြီးကျောင်း မုခ်ဦးရှေ့တွင် အမျိုးသားလူငယ်တစ်ဦးကို KIA နှင့် PDF ပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ယုဇနရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာနေ KIA သောင်းကျန်းသူအဖွဲ့မှ ထွက်ပြေးလာသူ ကိုဖြိုးထက်အောင်(ခ)သားသားလေး(၂၁)နှစ်သည် တာလောကြီးကျေးရွာမှ ယုဇနရပ်ကွက်သို့ သွားရောက်စဉ် ဇေယျမင်္ဂလာဘုန်းကြီးကျောင်း မုခ်ဦးရှေ့အရောက်၌ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်နှင့် အကြမ်းဖက်လက်နက်ကိုင် KIA၊ PDF တို့အကြား စစ်ရေးတင်းမာနေသော ကချင်ပြည်နယ်တွင် ပြည်သူများကို အကြမ်းဖက်သမားများက ဗုံးခွဲသတ်ဖြတ်မှု မကြာခဏဖြစ်ပွားနေသည့်အပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်စီစာကျေးရွာ မိန်းလမ်းမကြီးပေါ်ရှိ ဘုန်းကြီးကျောင်းအနီး တပ်မတော်ယာဉ်ကို KIA သောင်းကျန်းသူအဖွဲ့နှင့် PDF တို့ မိုင်းခွဲရာမှ ယာဉ်တန်းနောက်လိုက်ပါလာသူ ဆိုင်ကယ်စီးအမျိုးသမီးငယ် မိုင်းစထိမှန်သေဆုံးမှုလည်း ဖြစ်ပွားခဲ့သည်။
