၁၃. ၁၁. ၂၀၂၅
Translated by Thettant
ကမ္ဘောဒီးယားနိုင်ငံ၊ ဘန်တေမိန်းချေးပြည်နယ်၊ ပရေးချန်ကျေးရွာတွင် နိုဝင်ဘာ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်းအချိန်တွင် ဖြစ်ပွားခဲ့သော ထိုင်းတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုဖြစ်စဉ်အပေါ် “ကမ္ဘောဒီးယားအရပ်သားများက ထိုင်းစစ်သားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်း၊ လက်နက်နှင့် တိုက်ခိုက်ရန် ကြိုးစားခြင်း သို့မဟုတ် တခြား ရန်လိုသည့် အပြုအမူမျိုး မပြုလုပ်ခဲ့သော်လည်း ထိုင်းတပ်သားများက ကမ္ဘောဒီးယားအရပ်သားများကို ဦးတည်ပစ်ခတ်ခဲ့မှု”ဖြစ်စဉ်အတွင်း ကမ္ဘောဒီးယားအရပ်သားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည့်ကိစ္စအတွက် နောက်ဆက်တွဲဆောင်ရွက်မှုများကို ကမ္ဘောဒီးယားတော်ဝင်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန (MFAIC) မှ ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုင်းတပ်ဖွဲ့၏ ပစ်ခတ်မှုဖြစ်စဉ်အပေါ် ကမ္ဘောဒီးယားက ဖနွမ်းပင်ရှိ ထိုင်းတော်ဝင်သံရုံးမှတစ်ဆင့် တရားဝင် ကန့်ကွက်ခဲ့ကြောင်းနှင့် အာဆီယံစောင့်ကြည့်လေ့လာရေးအဖွဲ့ (ASEAN Observer Team) ၏ လေ့လာစောင့်ကြည့်မှုဖြင့် ဖြစ်စဉ်ကို ကွင်းဆင်းစုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

နယ်စပ်တင်းမာမှုများ မြင့်တက်နေချိန်တွင် ပွင့်လင်းမြင်သာမှုနှင့် ဒေသဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုကို အလေးထားကြောင်း ပြသသည့်အနေဖြင့် အစိုးရက စုံစမ်းစစ်ဆေးမှုတွင် “စိတ်ပါဝင်စားသော မိတ်ဖက်များအားလုံး၏ ထောက်ခံမှုနှင့် ပါဝင်မှုကို” ပွင့်ပွင့်လင်းလင်း ကြိုဆိုကြောင်းလည်း ပြောကြားခဲ့သည်။
“ကမ္ဘောဒီးယားအရပ်သားများက ရန်လို၊ ရန်စမှုမရှိဘဲ ထိုင်းတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကို ကမ္ဘောဒီးယားတော်ဝင်အစိုးရက အပြင်းအထန် ရှုတ်ချသည်” ဟု ကြေညာချက်တွင် ပါရှိသလို “ဤဖြစ်ရပ်သည် ကမ္ဘောဒီးယား၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲမှုကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်သည့်အပြင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် ကုလသမဂ္ဂ ပဋိညာဉ်၊ အာဆီယံ ပဋိညာဉ်၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ် (TAC) တို့၏ အခြေခံမူများကိုပါ ပြင်းထန်စွာ ချိုးဖောက်ရာရောက်သည်” ဟုလည်း ပါရှိသည်။
MFAIC က သဘောတူထားသည့် အပစ်အခတ်ရပ်စဲရေးမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် စတင်အသက်ဝင်ကတည်းက ထိုင်းနိုင်ငံဘက်က”မကြာခဏဆိုသလို သိသာထင်ရှားသည့် ရန်စမှုများ” ရှိနေသော်လည်း ကမ္ဘောဒီးယားနိုင်ငံသည် အင်္ဂါနေ့က ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှု အပါအဝင် ရန်လိုမှုများကို လက်တုံ့ပြန်မှုမပြုဘဲ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
ဝန်ကြီးဌာနက ကမ္ဘောဒီးယား၏ တုံ့ပြန်မှုသည် မခိုင်မာသေးသော အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းရန်နှင့် ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရန် ရည်ရွယ်ကြောင်း အလေးပေးဖော်ပြခဲ့သည်။ စီစဉ်ထားသည့် အာဆီယံ၏ စောင့်ကြည့်မှုဖြင့် စုံစမ်းစစ်ဆေးမှုသည် ဖြစ်စဉ်၏ အခြေအနေအရပ်ရပ်ကို ဆုံးဖြတ်ရန်နှင့် နောင်တွင် ပဋိပက္ခများ ပိုမိုမပြင်းထန်စေရန်အတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်လာမည်ဟု မျှော်လင့်ရသည်။

ငြိမ်းချမ်းရေးအတွက် တောင်းဆိုရာတွင် ကမ္ဘောဒီးယားအစိုးရက ထိုင်းနိုင်ငံအား ခြိမ်းခြောက်မှုနှင့် အင်အားသုံးခြင်းကို စွန့်လွှတ်ရန်နှင့် ငြိမ်းချမ်းစွာ အငြင်းပွားမှုများကို ဖြေရှင်းရေးအတွက် နှစ်နိုင်ငံလုံး၏ ကတိကဝတ်ကို အတည်ပြုသည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကွာလာလမ်ပူမြို့၌ ဝန်ကြီးချုပ်နှစ်ဦး လက်မှတ်ရေးထိုးခဲ့သော ပူးတွဲကြေညာစာတမ်း၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေသို့ ပြန်လည်ရောက်ရှိရန် တိုက်တွန်းခဲ့သည်။
“နှစ်နိုင်ငံနှင့် ဒေသတစ်ခုလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက်၊ ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံအား အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အညီ အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းမှုနှင့် ငြိမ်းချမ်းစွာ အငြင်းပွားမှုများကို ဖြေရှင်းရေးအတွက် ကြေညာထားသော ကတိကဝတ်သို့ ပြန်သွားရန် တောင်းဆိုသည်” ဟု ကြေညာချက်က နိဂုံးချုပ်ထားသည်။
Ref: Khmer Times
