၁၃.၁၁.၂၀၂၅
Written by NYL
ခေါင်းလေးခါပြပြီး လက်လှုပ်ပြရုံဖြင့် သဘောကျကာ မဲပေးရွေးချယ်မှုမျိုးသည် လှိုင်းထန်သည့် ပင်လယ်ကို လှေအသေးဖြင့် ဖြတ်ကူးသူကဲ့သို့ မကြာခင်မှောက်သွားနိုင်သည်ဟု ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှသိန်းက မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှသိန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးလည်းဖြစ်သည်။
‘’ကျွန်တော်တို့ရဲ့ မဲပေးမဲ့ကိုယ်စီကိုယ်ငှက တိုင်းပြည်ကိုအုပ်ချုပ်မဲ့လူတွေသည် အဲဒီလိုအရည်အသွေးတွေနဲ့ ပြည့်စုံတဲ့ပါတီမှာ ဘယ်ပါတီမှာ အများဆုံးရှိနေသလဲ။ အဲဒီဟာကိုကြည့်ပြီးတော့ ရွေးပါ။ ခေါင်းလေးခါပြလိုက်၊ လက်လေးလှုပ်ပြလိုက်တာနဲ့ တစ်ခါတည်း သဘောကျပြီးတော့ သူ့ပဲ ရွေးမယ်ဆိုတာမျိုး ဖြစ်မယ်ဆိုရင်တော့ လှိုင်းအလွန်ထန်တဲ့ ပင်လယ်ကို လှေသေးသေးလေးနဲ့ ဖြတ်တဲ့သူလိုပဲ မကြာခင်မှောက်သွားပါလိမ့်မယ်။ ဒါကြောင့်မို့ ဘယ်လောက်ပဲ လှိုင်းထန်ထန်၊ ကျွန်တော်တို့ လှိုင်းကြီးလှေအောက်ဖြစ်အောင် ကျော်လွှားနိုင်အောင်ဆိုရင် ခုနကလို ဆင်ခြင်တုံတရားတွေနဲ့ စဉ်းစားပြီးတော့မှ အဲဒီလိုအရည်အသွေးရှိတဲ့သူတွေများများပါတဲ့ ပါတီကို ဦးစားပေးရွေးချယ်ဖို့ လိုမယ်လို့ အကြုံတင်ပြထားတာပါ” အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှသိန်းက ပြောကြားခဲ့သည်။
ထို့ပြင် ဆယ်လီတစ်ယောက် တက်ပြောသည်ကို ကြိုက်နှစ်သက်ပြီး ဆန္ဒမဲများ၀ိုင်းပေးခြင်းသည်လည်း မဖြစ်သင့်သည့်ကိစ္စဟု ဦးလှသိန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ကိုယ်စားလှယ်လောင်း ဦးလှသိန်းက ‘’ ကျွန်တော်တို့ နိုင်ငံလို ဆယ်လီတစ်ယောက်က တက်ပြောလိုက်တာနဲ့ သူ့ ကြိုက်တာနဲ့ ခေါင်းလေးတစ်ချက်ခတ်လိုက်တာနဲ့ မဲတွေအများကြီး၀ိုင်းပေးတယ်ဆိုတာ ဒါတွေကလည်း မဖြစ်သင့်တဲ့ကိစ္စတွေဖြစ်ပါတယ်။ သူ့ရဲ့ အတွေ့အကြုံဘာရှိသလဲ။ နိုင်ငံရေးအတွေ့အကြုံရှိလား။ ကာကွယ်ရေးအတွေ့အကြုံရှိလား။ စီးပွားရေးအတွေ့အကြုံရှိသလား။ အုပ်ချုပ်ရေးအတွေ့အကြုံရော သူကျယ်ပြန့်ရဲ့လား။ ဒါတွေကို ကျွန်တော်တို့ မစဉ်းစားတော့ဘဲနဲ့ သူပေးချင်တဲ့ဟာတွေ လိုက်ပေးမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဒုံးပေကက်သတ် ဒီလိုပဲ မုန့်လုံးစက္ကူကပ်နေသလိုဖြစ်နေမှာပါ “ ဟု အဆိုပါရှင်းလင်းတင်ပြမှုတွင် ပြောကြားထားသည်။
လွှတ်တော်ထဲသို့ ရောက်မည့်သူများသည် ဥပဒေပြုနိုင်သည့် အရည်အချင်း၊ ပညာအရည်အချင်း၊ ဆင်ခြင်တုံးတရားနှင့် ကိုယ်ရည်ကိုယ်သွေး ရှိမရှိ၊ အဂတိလိုက်စားမှု ရှိမရှိကို ပြည်သူအများအနေဖြင့် စဉ်းစားရန် လိုအပ်မည်ဟု ထင်မြင်ယူဆမိကြောင့် ဦးလှသိန်းက ဆက်လက်ပြောကြားခဲ့သည်။
‘’ကျွန်တော်တို့နိုင်ငံမှာလည်း အဲဒီလိုဆင်ခြင်တုံတရားလေးနဲ့ တကယ့်စာတတ်ပေတတ်၊ အသိပညာတတ်၊ အတွေ့အကြုံရှိ၊ လုပ်ငန်းအတွေ့အကြုံ၊ ဘ၀ အတွေ့အကြုံရှိတဲ့ လူမျိုးတွေပါတဲ့ ပါတီကို ကျွန်တော်တို့နိုင်ငံကို ဦးဆောင်ခွင့်ပေးလိုက်မယ်ဆိုရင် ကျွန်တော်ထင်ပါတယ် တိုင်းပြည်ကြီးဟာ မလွှဲမသွေ ခိုင်မာတဲ့အနာဂတ်တစ်ခုကို ရောက်ရှိသွားမယ်ဆိုတာကို တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ် “ ဟု ဦးလှသိန်းက ပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှသိန်းသည် ၂၀၁၅ ခုနှစ်တွင် ကျိုက်ထိုမြို့နယ်တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်က ဝေါမြို့နယ်တွင်လည်းကောင်း ကိုယ်စားလှယ်လောင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
