◾️ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို နိုဝင်ဘာ ၁၇ ရက်မှာ စီရင်ချက်ချမယ်လို့ ခုံရုံးက သတ်မှတ်ထား
၁၃.၁၁.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဝါမီလိဂ် နိုင်ငံရေးပါတီက နိုဝင်ဘာလ ၁၃ ရက်မှာ Lockdown Programme လို့ခေါ်တဲ့ တစ်နိုင်ငံလုံးပိတ်ဆို့မှုအစီအစဉ် ပြုလုပ်ဖို့ တောင်းဆိုလိုက်တာကြောင့် ရဲတပ်ဖွဲ့၊ အထူးစစ်ဆင်လှုပ်ရှားမှုတပ်ရင်း (RAB) နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ (BGB) အပါအဝင် ဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေက ဒက်ကာမြို့တော်ရဲ့ အဓိကနေရာတွေမှာ အမြင့်ဆုံးအဆင့် တပ်လှန့်စောင့်ရှောက်နေကြတာ တွေ့ရပါတယ်။

မြို့တော်အတွင်းမှာ လှုပ်ရှားသွားလာကြသူတွေနဲ့ သယ်ယူပို့ဆောင်ရေး၊ အထူးသဖြင့် ပုဂ္ဂလိကယာဉ်တွေရဲ့ သွားလာမှုမှာ ပုံမှန်ထက် သိသိသာသာ နည်းပါးသွားခဲ့တာကို တွေ့ရတာကိုက ပြည်သူတွေအနေနဲ့ လုံခြုံစိတ်ချရမှုရှိဖို့အတွက် စိုးရိမ်မှု တိုးပွားလာနေတာကို ပြတာပါပဲ။
စီးပွားရေးလုပ်ငန်းတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေကတော့ ဆက်လက်ဖွင့်လှစ်ပြီး သူတို့ရဲ့ ပုံမှန်လုပ်ငန်းတွေကို လုပ်ဆောင်နေဆဲပါ။

ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ BNP၊ Jamaat-e-Islami အဖွဲ့နဲ့ မဟာမိတ်ပါတီတွေကို ထောက်ခံသူတွေကတော့ ဒက်ကာမြို့ရှိ နေရာအတော်များများမှာ နေရာယူထားကြပြီး အဝါမီလိဂ်ပါတီရဲ့ ဘယ်လို လှုပ်ရှားမှုကိုမဆို ခုခံဖို့ ရပ်တည်ခဲ့ကြပါတယ်။ သူတို့က ပိတ်ဆို့မှုအစီအစဉ်ကို ကန့်ကွက်တဲ့ စီတန်းလှည့်လည်မှုတွေ ပြုလုပ်ခဲ့ကြပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လမှ သြဂုတ်လအထိ လူထုအုံကြွမှုအတွင်း လူသတ်မှုအပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ရာထူးမှ ဖယ်ရှားခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနဲ့ အခြားသူတွေကို စီရင်ချက်ချမှတ်ဖို့ ရက်ကို ဒီနေ့မှာကြေညာဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICT-1) ကို တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဒက်ကာအပါအဝင် နိုင်ငံရဲ့ နေရာအမျိုးမျိုးမှာ မီးရှို့မှုနဲ့ ဗုံးပေါက်ကွဲမှု များစွာ ဖြစ်ပွားခဲ့ပြီး လူထုမငြိမ်မသက်မှုတွေ ပြန်လည်ဖြစ်ပွားမှာကို စိုးရိမ်မှုတွေ ပိုမို မြင့်တက်လာခဲ့ပါတယ်။

ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းဖို့အတွက် အစိုးရက ဒက်ကာ နဲ့ အနီးအနားရှိ ခရိုင်နှစ်ခုမှာ BGB တပ်ခွဲ ၁၂ ခွဲ ထပ်မံချထားခဲ့ပါတယ်။
နိုဝင်ဘာလ ၁၂ ရက်က သတင်းစာရှင်းလင်းပွဲမှာ ဒါကာမြို့တော်ရဲတပ်ဖွဲ့ (DMP) ရဲမင်းကြီး ရှိတ်အမ်ဒ် ဆာဂျက်အလီက ပိတ်ဆို့မှုအစီအစဉ်နဲ့ ဆက်စပ်တဲ့ ဘယ်လိုဖျက်ဆီးမှုလုပ်ရပ်မျိုးကိုမဆို ကာကွယ်ဖို့ တပ်ဖွဲ့တွေကို အပြည့်အဝပြင်ဆင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

တရားသူကြီး အမ်ဒီ ဂိုလမ် မောတူဇာ မာဂျွန်ဒါ ဦးဆောင်တဲ့ အဖွဲ့ဝင်သုံးဦးပါ ခုံရုံးရှေ့မှာ တရားလိုနဲ့ တရားခံနှစ်ဖက်စလုံးဟာ သူတို့ရဲ့ နောက်ဆုံးလျှောက်လဲချက်တွေကို အပြီးသတ်ပြီးနောက် နိုဝင်ဘာ ၁၇ ရက်မှာ စီရင်ချက်ချမယ်လို့ ခုံရုံးက သတ်မှတ်ကြေညာခဲ့ပါတယ်။
ရှိတ်ဟာဆီနာဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်မှာ အစုလိုက်အပြုံလိုက် အုံကြွမှုကြားမှာပဲ အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ပါတယ်။

စွဲချက်တွေအရ ထိုစဉ်က အဝါမီလိဂ်အစိုးရဟာ ပါတီခေါင်းဆောင်တွေ၊ သစ္စာရှိ အုပ်ချုပ်ရေးမှူးတွေနဲ့င့် ဥပဒေစိုးမိုးရေးအေဂျင်စီတွေမှ အဖွဲ့ဝင်တွေနဲ့အတူ ဇူလိုင်လ-ဩဂုတ်လ ကျောင်းသားတွေ ဦးဆောင်တဲ့ အုံကြွမှုကို နှိမ်နင်းဖို့အတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရှိတ် ဟာစီနာဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့စွဲချက်အပြင် ခုံရုံးမှာ တခြားအမှုနှစ်ခုကိုလည်း ရင်ဆိုင်နေရပါတယ်။ အဝါမီလိဂ်ရဲ့ ၁၅ နှစ်ခွဲ အာဏာရစဉ်အတွင်း အဓမ္မဆောင်ရွက်ကာ ပျောက်ဆုံးနေရသူတွေအမှုနဲ့ ဒက်ကာမြို့မှာ ၂၀၁၃ ခုနှစ် ဟီဖာဇက်-အီး-အစ္စလာမ် စုဝေးပွဲမှာ သတ်ဖြတ်မှုနဲ့ပတ်သက်လို့လည်း တရားစွဲခံထားရပါတယ်။
Ref- The Daily lttefaq
