၁၃. ၁၁. ၂၀၂၅
Written by Thettant
နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့ရှိ “ရောင်နီဦး” ရတနာရွှေဆိုင်ကို နိုဝင်ဘာ ၁၀ ရက်က သေနတ်ဖြင့် ခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၀ ရက် နံနက် ၉ နာရီခွဲခန့်တွင် ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်း၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် “ရောင်နီဦး” ရတနာရွှေဆိုင်တွင် ဆိုင်ပိုင်ရှင် ဒေါ်အေးအေးမွန် (၄၃)နှစ်နှင့် ဝန်ထမ်းဖြစ်သူ မချစ်ကဗျာ (၁၉)နှစ်တို့ရှိနေစဉ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဆိုင်အတွင်းဝင်ရောက်လာပြီး အမျိုးသားမှ ဒေါ်အေးအေးမွန်အား သေနတ်(အတို)ဖြင့် နားထင်ကိုထောက်၍ ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများ အိတ်အတွင်း ထည့်ခိုင်းစဉ် ဒေါ်အေးအေးမွန်က သေနတ်အား ပုတ်ထုတ်ခဲ့ရာ ၎င်းအမျိုးသားမှ သေနတ်ဖြင့်ထု၍ လက်သီးဖြင့်ထိုးကာ ၎င်းနှင့်အတူပါလာသူ အမျိုးသမီးက ရွှေထည်ပစ္စည်းများ ထည့်ထားသည့် ဘူးတစ်ဘူး လုယက်ယူဆောင်စဉ် မချစ်ကဗျာက ပြန်လည်လုယူခဲ့ရာ အဆိုပါအမျိုးသမီးမှ လက်သည်းဖြင့် ကုတ်ခြစ်ကာ တွန်းထုတ်၍ ထွက်ပြေးသွားခဲ့သည်။
ဒုစရိုက်ပြစ်မှုကျူးလွန်သူများအား မလိုလားသည့် ပြည်သူများနှင့် အဆိုပါရပ်ကွက်အတွင်း ရောက်ရှိနေသည့် နယ်မြေလှည့်ကင်း ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များက လိုက်လံဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ မင်္ဂလာရပ်ကွက်၊ ကေးလမ်းသွယ် (၁)လမ်းပေါ်၌ လုယက်မှုကျူးလွန်သူများဖြစ်ကြသည့် ရွှေပြည်သာမြို့နယ်၊ သိမ်ကျောင်းရွာနေ သန်းတိုးအောင် (၂၈)နှစ်နှင့် ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်နေ ယမင်း (ခ) ရေဟန် (၂၅)နှစ်တို့ကို ၎င်းတို့ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် သေနတ်အတု ၂ လက်၊ အရိုး/အသွား ၇ လက်မခန့်ရှိ ခေါက်ဓား ၁ ချောင်း၊ CZI အမျိုးအစားဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ၎င်းတို့ လုယက်ယူဆောင်သွားသည့် ရွှေလက်စွပ် ၁၃ ကွင်း၊ ရွှေနားကပ် ၈ ရံ၊ ရွှေဆွဲသီး ၁ ခု (ကာလတန်ဖိုး ၄၆ သိန်းကျော်ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ယင်းတို့ လုယက်မှုကျူးလွန်စဉ် ထုနှက်၊ ထိုးကြိတ်၊ ကုတ်ခြစ်ခဲ့မှုကြောင့် ဒေါ်အေးအေးမွန်တွင် ဦးခေါင်းနှင့် မျက်နှာတို့တွင်လည်းကောင်း၊ မချစ်ကဗျာတွင် ဦးခေါင်း၌လည်းကောင်း ဖူးရောင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့သဖြင့် ပျဉ်းမနားမြို့ ခုတင်(၂၀၀) ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိတရားခံ သန်းတိုးအောင်နှင့် ယမင်း (ခ) ရေဟန်တို့ကို ပျဉ်းမနားမြို့မရဲစခန်း (ပ)၂၄၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုရေးဖွင့်စစ်ဆေး၍ ထိရောက်သော ပြစ်ဒဏ်ရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo – MDN
