၃. ၁၂. ၂၀၂၅
Written by Nyein Kyaw
ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်းထံသို့ ရောက်ရှိအောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသကဲ့သို့ ခက်ခဲသောဒေသများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအတွက်လည်း ထပ်မံအားဖြည့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက ပြောကြားသည်။
နေပြည်တော်တွင် ယမန်နေ့က ကျင်းပသည့် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အသက်နှစ်လ၊ လေးလ၊ ခြောက်လ၊ ကိုးလနှင့် တစ်နှစ်ခွဲ (၁၈ လ) ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းအပြင် ကျောင်းနေအရွယ် ကလေးငယ်များအား ကျောင်းအခြေပြု ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ထို့အတူ အသက် ၉ နှစ်မှ ၁၁ နှစ်အရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ကို လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ (Td) ကာကွယ်ဆေးကိုလည်းကောင်း ထိုးနှံပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအပြင် ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုအားကောင်းလာစေရန်အတွက် Big Catch-up၊ Routine Catch-up နှင့် Special Immunization Activities နည်းလမ်းများဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ကလေးတိုင်းထံသို့ ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ခက်ခဲသောဒေသများတွင် နေထိုင်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအတွက် လိုအပ်သော ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးရန်အတွက်လည်း ထပ်မံအားဖြည့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
