၃.၁၂.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)တွင် ဒီဇင်ဘာလ ၆ ရက်နေ့မှစ၍ တစ်လခန့်ကြာ ကျင်းပမည့် ၁၈ ကြိမ်မြောက် ပန်းပွဲတော်၌ ပန်းပေါင်း သုံးသိန်းကျော် ပြသသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
၁၈ ကြိမ်မြောက်ကျင်းပမည့် ယခုနှစ်အတွက် ပန်းပွဲတော်အမည်ကို IMMERSIVE FLOWERS FESTIVAL ဟုအမည်ပေးထားပြီး ဒီဇင်ဘာလ ၆ ရက်မှ ဇန်နဝါရီလ ၄ ရက်နေ့အထိကျင်းပမည်ဖြစ်သည်။
ပန်းပွဲတော်ကို ပြည်တွင်းမှပန်းအရေအတွက် သုံးသိန်းခန့်နှင့် ပြည်ပမှတင်သွင်းမည့် လီလီ၊ နေကြာအပါအဝင် ပန်းအမျိုးအစား ၃၀၊ အရောင် ၆၀ ခန့်၊ အရေအတွက် ခြောက်သောင်းကျော်တို့ကို ပြသမည်ဖြစ်ကြောင်း သိရသည်။
ပန်းပွဲတော်တွင် ယခင်နှစ်များနှင့်မတူညီသည့် ပန်းပြကွက်ပုံစံအမျိုးမျိုးကို ပြသမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း တေးသံရှင်များ၏ ဖျော်ဖြေမှု၊ နေ့စဉ်ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်မည်ဖြစ်ကာ ဒေသထွက်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များလည်း ဖွင့်လှစ် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၁၇ ကြိမ်မြောက် ပန်းပွဲတော်တွင် လာရောက်ကြည့်ရှုသူဦးရေ သုံးသိန်းခန့်ရှိကြောင်း အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)မှ ပန်းပွဲတော်ကျင်းပရေးအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
