MT News

ကုလားတန်စီမံကိန်းတွင် ပါဝင်သည့် စစ်တွေဆိပ်ကမ်းကို အခြေပြုပြီး စစ်တွေအထူးစီးပွားရေးဇုန်ပေါ်ပေါက်လာမည့် အလားအလာကောင်းများ ရှိလာနေပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၁၄ ရက်က ပြုလုပ်သည့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးနှင့် သံတမန်ဆက်ဆံခြင်း(၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်စဥ် ပြောကြားလိုက်သည်။

ထို့ပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးမှုလုပ်ငန်းများဖြစ်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်း တို့ကိုလည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းသည် ကုလားတန်မြစ်ကြောင်းတစ်လျှောက် စစ်တွေဆိပ်ကမ်းမှ အိန္ဒိယ နိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်အထိ ဆက်သွယ်ပေးမည်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ကောင်းမွန်လာနိုင်သည့်အပြင် ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည့် စီမံကိန်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ထို့အတူ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ စွမ်းအင်၊ အစားအစာနှင့် အဝတ်အထည်ချုပ်လုပ်ငန်းများ၊ နည်းပညာ၊ ကျန်းမာရေး၊ ပညာရေးနှင့်ကျွမ်းကျင်မှုသင်တန်း၊ ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ ဘဏ်နှင့် ငွေရေးကြေးရေးလုပ်ငန်းတို့ အပေါ် တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ စိတ်ဝင်စားမှု ထပ်တူညီသည့်အတွက် နှစ်နိုင်ငံ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယင်းအချက်များအပြင် မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှ သုံးခုလုံး၏ ဆုံရာအရပ်တွင် တည်ရှိနေသည့်နိုင်ငံ ဖြစ်သဖြင့် ၂၀၁၄ ခုနှစ်ကတည်းက အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ကြွေးကျော်ခဲ့သည့် အိန္ဒိယနိုင်ငံ၏ “အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ” အရ အရှေ့တောင်အာရှဒေသနှင့် ကူးလူးဆက်သွယ်မှု မြှင့်တင်လိုသည့် အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အပြင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံကို အရှေ့တောင်အာရှဒေသနှင့် ချိတ်ဆက်ပေးထားသည့် ကုန်းမြေတံတားလည်းဖြစ်သည့်အတွက် အဆိုပါ ပထဝီ နိုင်ငံရေးအားသာချက်ကို အပြည့်အဝ အသုံးချနိုင်မည်ဆိုပါက မိမိတို့ နှစ်နိုင်ငံလုံး၏ ပြည်သူများအတွက် အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News