April 27, 2024

အမျိုးသမီးဘောလုံးအသင်း ဒုတိယရရှိပါက ဒေါ်လာ ၅၀၀၀၀ နှင့် အမျိိုးသားအသင်း တတိယရရှိပါက ဒေါ်လာ ၅၀၀၀၀ စီ ချီးမြှင့်ရန်လည်း ပြင်ဆင်ထား

၁၅. ၅. ၂၀၂၃
Written by Tha Doe

မြန်မာအမျိုးသမီးဘောလုံးအသင်း ဗီယက်နမ်ကို အနိုင်ရရှိပါက SAC ဥက္ကဋ္ဌမှ ဒေါ်လာတစ်သိန်း ချီးမြှင့်မည်ဟု ကတိပြုထားကြောင်း ဘောလုံးအဖွဲ့ချုပ်နှင့် နီးစပ်သူထံမှ သိရသည်။

မြန်မာအမျိုးသမီးဘောလုံးအသင်းသည် ယနေ့ည ၇ နာရီတွင် ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းနှင့်ယှဥ်ပြိုင်ရမည်ဖြစ်ပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆီးဂိမ်းစ်တွင် ဗိုလ်လုပွဲတက်ရမည်ဖြစ်ပြီး ဗိုလ်လုပွဲနှစ်ကြိမ်တွေ့ဆုံဖူးသည့် ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းနှင့်ယှဥ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာအမျိုးသမီးဘောလုံးအသင်းအနေ​ဖြင့် ဗီယက်နမ်အသင်းအား အနိုင်ရရှိပါက ဒေါ်လာတစ်သိန်းချီးမြှင့်မည်ဖြစ်သော်လည်း ဒုတိယသာရရှိပါက ဒေါ်လာငါးသောင်းဆုငွေရရှိမည်ဖြစ်ကြောင်းလည်း ကြားသိရသည်။

“မြန်မာအမျိုးသမီးဘောလုံးအသင်း အနိုင်ရရင် SAC ဥက္ကဋ္ဌက ဒေါ်လာတစ်သိန်းဆုချီးမြှင့်မှာဖြစ်ပြီး ဒုတိယရရင်တော့ ဒေါ်လာ ၅၀၀၀၀ ဆုချီးမြှင့်မှာပါ။ အဲဒီလိုပဲ မြန်မာအမျိုးသားဘောလုံးအသင်းကလည်း တတိယရရမယ်ဆို ဒေါ်လာ ၅၀၀၀၀ ဆုချီးမြှင့်မှာပါ” ဟု အထက်ပါနီးစပ်သူက ပြောသည်။

လက်ရှိ ကမ္ဘောဒီးယားဆီးဂိမ်းစ်တွင် မြန်မာအမျိုးသမီးဘောလုံးအသင်းက ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းနှင့် ဗိုလ်လုပွဲယှဥ်ပြိုင်ကစားရမည်ဖြစ်သလို မြန်မာအမျိုးသားဘောလုံးအသင်းကလည်း ဗီယက်နမ်အမျိုးသားဘောလုံးအသင်းနှင့် မေလ ၁၆ ရက်တွင် တတိယလုပွဲယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာအမျိုးသမီးဘောလုံးအသင်း လက်ရှိတွင် ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သဖြင့် ကျပ်သိန်း ၅၀၀၀ ခန့် ချီးမြှင့်ငွေရရှိထားပြီး ဗိုလ်လုပွဲတွင် ပထမရခဲ့ပါက အခြားသောချီးမြှင့်မှုအများအပြားလည်း ရရှိဦးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *