SAC ဒုတိယဥက္ကဋ္ဌခုနှစ် ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်နေမှုကို တွေ့ရစဥ်

၁၄. ၁၀. ၂၀၂၂

Written by Tha Doe

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်(၁၈)လတာ ကာလအတွင်း မီးဘေး ၇၄၈ ကြိမ်၊ ရေဘေး ၁၆၁ ကြိမ်၊ လေဘေး ၁၅၀၂ ကြိမ်၊ မြေငလျင်အပါအဝင် အခြား ဘေး ၁၁၇၈ ကြိမ်၊ စုစုပေါင်းအကြိမ် ၃၅၈၉ ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး ဘေးသင့်လူဦးရေ ၁၅ သိန်းကျော်ကို နိုင်ငံတော်က ငွေကျပ်သန်းပေါင်း ၃၆၄၇ ကျော် ထောက်ပံ့ပေးခဲ့သည်ဟု SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် Intergovernmental Panel on Climate Change အစီရင်ခံစာအရ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ထိခိုက်ခံစားလွယ်သည့် နိုင်ငံများအနက် တတိယအဆင့်တွင် ရှိနေသည့်နိုင်ငံဖြစ်၍ သဘာဝဘေးအန္တရာယ်များလျော့ချနိုင်ရန်၊ ဘေးအန္တရာယ်ကို စနစ်တကျ တုံပြန်ရန်နှင့် ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန် သဘာဝဘေးကြိုတင်သတိပေး ချက်များနှင့်လိုအပ်သည့် စီမံခန့်ခွဲမှုများ အချိတ်အဆက်မိမိနှင့် အချိန်ကိုက်ဆောင်ရွက်နိုင်မှုသည် အဓိကကျသည့် ကဏ္ဍမှ ပါဝင်နေသည်။

ထို့ကြောင့် သဘာဝဘေး ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများ၌ အမျိုးသားကော်မတီအောက်တွင် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် လိုအပ်သကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့်လည်း သက်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရပ်ရွာ အခြေပြု လူမှုရေးအသင်းအဖွဲ့များစသည့် အဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုနှင့် ပုဂ္ဂလိကကဏ္ဍများ စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် အသက်ဆုံးရှုံးရခြင်း၊ အခြေခံအဆောက်အအုံ ထိခိုက်ပျက်စီးရခြင်း၊ စီးပွားရေး ဆုံးရှုံးရခြင်းများ လျော့နည်းသွားမည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ​ပြောကြားသည်။

ထို့အတွက်ကြောင့် သဘာဝဘေးစီမံခန့်ခွဲမှုကို ထိရောက်မြန်ဆန်စွာနှင့် ကဏ္ဍအလိုက် စနစ်တကျဆောင်ရွက်နိုင်ရေးအတွက်ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ တည်မြဲအမိန့်-၂၀၂၂ ကိုလည်း မကြာမီကအတည်ပြုထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရာတွင် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်များထုတ်ပြန်ခြင်း၊ ကြိုတင်သတိပေးချက်များအပေါ်အခြေခံ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်ခြင်းနှင့် ရွှေ့ပြောင်းခြင်းစသည်တို့အပါအဝင် ဆောင်ရွက်ရမည့် တုံ့ပြန်မှုလုပ်ငန်းများကို စနစ်တကျ အချိန်ကိုက်ဆောင်ရွက်ရန် သဘာဝဘေးကြိုတင် သတိပေးသည့်စနစ် ခိုင်မာအားကောင်းရေး ပြည်သူလူထုပါဝင်သည့် ပြည်သူဗဟိုပြုသဘာဝ ဘေးကြိုတင်သတိပေးသည့်စနစ်ကို တည်ဆောက်နိုင်ရေး၊ သတိပေးချက်များနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အတိအကျလိုက်နာကြရေးသည် အရေးကြီးကြောင်းလည်း SAC ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *