April 25, 2024

၆. ၅. ၂၀၂၃
Written by Pan Ei

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ကိုဗစ်ဗိုင်းရပ်စ်ကူးစက်ရောဂါကို အရေးပေါ် ကျန်းမာရေး အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က သတ်မှတ်ထုတ်ပြန်ခဲ့ပြီး သုံးနှစ်ကျော်အကြာ မေလ ၅ ရက်တွင် ကိုဗစ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေးအခြေအနေအဖြစ်မှ ရပ်ဆိုင်းခဲ့သလို နိုင်ငံများအနေဖြင့်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာအရ လူပေါင်း ၆ ဒသမ ၉ သန်းထက်မနည်း သေဆုံးခဲ့သည့် ကိုဗစ်ဗိုင်းရပ်စ်ရောဂါကို အခြားကူးစက်ရောဂါများနှင့်အတူ စီမံခန့်ခွဲသင့်သည်ဟု WHO မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ကိုဗစ်ရောဂါကြောင့် သေဆုံးမှုနှုန်းသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် တစ်ပတ်လျှင် လူ ၁ သိန်းကျော်အထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့အထိ တစ်ပတ်လျှင် ၃,၅၀၀ ကျော်အထိ လျော့နည်းသွားခဲ့ကြောင်း WHO ၏ ကိန်းဂဏန်းအချက်အလက်များအရသိရပြီး ကမ္ဘာ့နေရာအနှံ့အပြားတွင် ကာကွယ်ဆေးထိုးနှံမှု၊ ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများရရှိနိုင်မှု၊ ကြိုတင်ကူးစက်မှုများမှ ခုခံအားအဆင့်တိုးလာခြင်းများကြောင့် ကိုဗစ်ရောဂါကို တိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု WHO မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

အရေးပေါ်အခြေအနေကို အဆုံးသတ်ခြင်းသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် ရန်ပုံငွေအတွက် ကြိုးပမ်းအားထုတ်မှုများကို အဆုံးတိုင်စေခြင်း သို့မဟုတ် အာရုံပြောင်းသွားစေရန် မဆိုလိုသော်လည်း ဒေသအများအပြားတွင် ကိုဗစ်ကပ်ရောဂါပြန်လည်နည်းပါးသွားသောကြောင့် များစွာအဆင်ပြေသွားခဲ့ပြီဖြစ်သည်။

“တိုက်ပွဲက မပြီးသေးပါဘူး။ ကျွန်တော်တို့မှာ အားနည်းချက်တွေ ရှိနေတုန်းပဲ၊ ကျွန်တော်တို့ စနစ်မှာ ကျန်နေသေးတဲ့ အားနည်းချက်တွေကို ဒီဗိုင်းရပ်စ် ဒါမှမဟုတ် တခြားဗိုင်းရပ်စ်က ဖော်ထုတ်ပေးလိမ့်မယ်။ အဲဒါအတွက် ပြင်ဆင်ထားဖို့လိုပါတယ်” ဟု WHO ၏ အရေးပေါ်အခြေအနေ ဒါရိုက်တာ Michael Ryan က ပြောကြားခဲ့သည်။

ယခုအခါ ကမ္ဘာ့နေရာအတော်များများတွင် ကိုဗစ်စစ်ဆေးစမ်းသပ်မှုများ သိသိသာသာ လျော့နည်းလာပြီး လူအများစုသည်လည်း နှာခေါင်းစည်းများ ဝတ်ဆင်ခြင်းကို ရပ်တန့်ခဲ့ကြသည်။

အချို့နိုင်ငံများတွင်မူ ကိုဗစ်ရောဂါ ပြန်လည်ဖြစ်ပွားနေမှုများကြောင့် နှာခေါင်းစည်းပြန်လည်ဝတ်ဆင်ဖို့ လုပ်ဆောင်ချက်များကို ပြန်လည်စတင်နေပြီဖြစ်ပြီး WHO သည် ကိုဗစ်နှင့် ရေရှည်ယှဉ်တွဲနေထိုင်ပုံများကို နိုင်ငံများအား အကြံပေးသည့် အစီအစဉ်များ ယခုသီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။

ကိုဗစ်ရောဂါသည် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ကျန်းမာရေးစနစ်၏ ရေရှည်စိန်ခေါ်မှုအဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ကူးစက်ရောဂါကျွမ်းကျင်သူများက ပြောသည်။ ” ခုလို ဖျက်သိမ်းလိုက်တာကို ကိုဗစ် ပြဿနာမရှိတော့ဘူးလို့ ဆိုလိုတာလို့ မထင်မှတ်ထားသင့်ပါဘူး” ဟု Edinburgh တက္ကသိုလ်မှ ကူးစက်ရောဂါဗေဒပညာရှင် Mark Woolhouse က ပြောကြားခဲ့သည်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *