၆. ၅. ၂၀၂၃
Written by Nay Moe

KNU က ကရင်ပြည်နယ်ဒေသခံပိုင် ကုမ္ပဏီဟု မကြာခဏပြောသော်လည်း KNU ပိုင် စီးပွားရေးကုမ္ပဏီဟု ကရင်ပြည်သူအများသိရှိသည့် မောလောအိအလင်းကုမ္ပဏီသည် KK Park ဟု လူသိများပြီး တရုတ်ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်နေသော လောင်းကစားရုံတည်ရှိရာ တရုတ် Hyunya မြို့သစ်စီမံကိန်းတွင် ပါဝင်ပတ်သက်အပြီး ၂၀၂၂ ဒီဇင်ဘာမှသာ နုတ်ထွက်လိုက်ကြောင်း KNU/KNLA က အတည်ပြုကြေညာလိုက်သည်။

ယခင် NLD အစိုးရဟောင်းလက်ထက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်တို့၏ ခွင့်ပြုချက်ဖြင့် KNU ၏ မောလောအိအလင်းကုမ္ပဏီ စတင်တည်ထောင်ခဲ့ပြီး တရုတ်၏ လောင်းကစားမြို့သစ်စီမံကိန်းတွင် ပါဝင်ပတ်သက်ခဲ့ရာမှ ဝေဖန်မှုများစွာ ရင်ဆိုင်ခဲ့ရပြီးနောက် KNU က နုတ်ထွက်ခဲ့သည့် အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး ယနေ့ထုတ်ပြန်ချက်တွင် “ကရင်အမျိုးသားအစည်းအရုံး (KNU) သည် မိမိဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နည်းဥပဒေတို့ကို အာမခံပြီး ကွန်ကရက်များက ချမှတ်ထားသည့် လမ်းညွှန်မှုများ၊ ရှေ့လုပ်ငန်းစဉ်များကို တာဝန်ခံ အကောင်အထည် ဖော်ကြရသည်။ KNU အဖွဲ့ဝင်များ၏ စည်းကမ်းချိုးဖောက်မှုများနှင့်ပတ်သက်၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အခြေခံ၍သော်လည်းကောင်း၊ မိမိ၏ တရားရေး လုပ်ငန်းစဉ်များအရသော်လည်းကောင်း အရေးယူဆောင်ရွက်ရမည်ဖြစ်သည်” ဟု ဆိုသည်။

ထို့အတွက် မောထိုကလေး ဒေသရှိ ဟွမ်ယာ (Hyunya) တရုတ်မြို့သစ်စီမံကိန်းနှင့်ပတ်သက်သည့် မောလောအိအလင်း ကုမ္ပဏီသည် ၎င်းစီမံကိန်းမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာကတည်းက နုတ်ထွက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းစီမံကိန်းကိစ္စနှင့် ပတ်သက်၍ မည်သည့်ကိစ္စမဆိုသည် မိမိတို့ KNU နှင့် မပတ်သက်ပါကြောင်း အသိပေးပါသည်ဟု ဆိုသည်။

ထို့အတွက် KK Park ဟု လူသိများပြီး တရုတ်ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်နေသော လောင်းကစားရုံသည် မိမိတို့ KNU နှင့် လုံးဝ (လုံးဝ) ပတ်သက်မှု မရှိပါကြောင်း အသိပေးကြောင်းနှင့် KNU ခေါင်းဆောင်များအား ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သည့် ရေးသားပြောဆိုမှုများကို ဆန့်ကျင်ကန့်ကွက်ပါသည်။ သို့ရာတွင် အခြေအနေမှန်ကို သိရှိ ဖော်ပြနိုင်ရေးအတွက် စုံစမ်းစစ်ဆေးရန် KNU ဗဟိုအဆင့်က ဦးဆောင်ကာ လွတ်လပ်ပြီး ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး မိမိတို့ KNU မူဝါဒနှင့် စည်းမျဉ်း ဥပဒများအတိုင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများနှင့်ပတ်သက်သည့် မေးမြန်းမှုများအား လိုအပ်သလို ထုတ်ဖော်ပြောကြားသွားမည်ဖြစ်ပြီး ဥပဒေချိုးဖောက်မှုများရှိသည်ဟု ဖော်ထုတ်တွေ့ရှိရပါက လိုအပ်သလို အရေးယူမှုများ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News