၆.၅. ၂၀၂၃
Written by Naing Thuta

အမရပူရမြို့နယ်ရှိ Denko ဓာတ်ဆီဆိုင်အား လူ ၃ ဦးက အနုကြမ်းဝင်စီးပြီး မီးခံသေတ္တာအတွင်း၌ရှိသော ဓာတ်ဆီရောင်းရငွေ ၂၅၆ သိန်းနှင့် CCTV အောက်စက်နှစ်လုံးကိုပါ လုယက်ယူဆောင်သွားမှု ယနေ့အရုဏ်မတက်ခင်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ မေလ ၆ ရက် နံနက်အရုဏ်မတက်မီ ၂ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမပူရခရိုင်၊ အမရပူရမြို့နယ်၊ ယဥ်တော်ကျေးရွာ၊ စစ်မန်းကမ်းနားလမ်းပေါ်တွင်ဖွင့်ထားသော Denko ဓာတ်ဆီဆိုင်၏ လုံခြုံရေးဝန်ထမ်း၂ ဦး တာဝန်ထမ်းဆောင်နေစဥ် ဆိုင်အတွင်းသို့ အမည်မသိအမျိုးသား ၃ ဦးရောက်ရှိလာပြီး ဆီပြတ်သွား၍ ဆီထည့်ချင်သည်ဟု အကူအညီတောင်းခဲ့သဖြင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူထဲမှတစ်ဦးက ၎င်းတို့ ၃ ဦးနားရောက်ရှိစဥ် ၎င်းတို့ထဲမှတစ်ဦးက လည်ပင်းညှစ်၍ ဓားဖြင့်ထောက်ပြီးနောက် ယာဘက်နဖူးထိပ်အား ဓားနှောင့်နှင့်ထု လက်ပြန်ကြိုးတုပ်၍ မန်နေဂျာဖြစ်သူ၏ရုံးခန်းသို့ လိုက်လံပြသပေးရန် ခေါ်ဆောင်သွားခဲ့ပြီး ကျန်လုံခြုံရေးဝန်ထမ်းကိုပါ ကြိုးတုပ်၍ ခေါ်ဆောင်ခဲ့သည်။

ထို့နောက် မန်နေဂျာဖြစ်သူ၏ရုံးခန်းသို့ရောက်ရှိစဉ် မန်နေဂျာအား ဓားဖြင့်မိုး၍ “ရောင်းထားတဲ့ငွေတွေပေး” ဟုပြောပြီး လုံခြုံရေးဝန်ထမ်းနှစ်ဦးကိုလည်း မှောက်ခိုင်းကာ လက်ပြန်ပြန်ကြိုးတုပ်ထားပြီး မန်နေဂျာအား ငွေသိမ်းဆည်းထားသည့်အခန်းဘက်သို့ လိုက်ပြခိုင်းကာ မီးခံသေတ္တာသော့အား ဖွင့်ခိုင်း၍ ဆိုင်ရှိ မီးများအားလုံးကို ပိတ်ခိုင်းခဲ့သည်။ ၎င်းနောက် မန်နေဂျာကို အိပ်ခန်းဘက်သို့ပြန်ပို့၍ လုံခြုံရေးဝန်ထမ်းနှစ်ဦးနှင့်အတူပူးပြီး လက်ပြန်ကြိုးတုပ်ကာ ၎င်းအနုကြမ်းစီးသူ ၃ ဦးမှ ငွေခန်းဘက်သို့ပြန်သွားကာ မီးခံသေတ္တာအတွင်းရှိ ဆီရောင်းရငွေ ၂၅၆ သိန်းနှင့် CCTV အောက်စက် ၂ လုံးကိုပါ တစ်ပါတည်း လုယက်ယူဆောင်သွားကြောင်း လုယက်ခံရသည့် Denko ဓာတ်ဆီဆိုင်မှ မန်နေဂျာ၏ ပြောပြချက်အရ သိရသည်။

သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း အနုကြမ်းစီးလုယက်သူ ၃ ဦးအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News