ကျောင်းကားအတွင်း ပိတ်မိ၍ အပူလွန်သေဆုံးခဲ့သော ကလေးငယ် (ဓာတ်ပုံ- Htet Thiri Aung၊ Nway Khin)

၅. ၅. ၂၀၂၃

Written by Peya

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် မူကြိုအရွယ် ကလေးငယ်တစ်ဦး ကားအတွင်း နာရီအတော်ကြာ ပိတ်မိပြီးနောက် အပူလွန် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း MT News သတင်းဌာနက ဒေသခံတချို့ကို မေးမြန်းထားချက်များအရ သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ မှော်ဘီမြို့နယ် ဆပ်သွားတောကျေးရွာ မြိုင်သာယာရပ်ကွက်ရှိ ချင်းမူကြိုကျောင်းတစ်ခုတွင် မေလ ၄ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း MT News သတင်းဌာနက ကနဦး စုံစမ်းမေးမြန်းထားမှုအရ သိရသည်။

“မူကြိုတက်နေတဲ့ကလေးပေါ့နော်။ ကျောင်းကားက မူကြိုကလေး သုံးယောက်ကို ကြိုတယ်။ ပြီးတော့ ကျောင်းရောက်တော့ ကလေးတွေက ဆင်းသွားတာမှာ ဆုံးမယ့်ကလေးက ကားပေါ် ရေဘူးကျန်ခဲ့လို့ ဆိုပြီး ပြန်တက်ယူတယ်။ ယာဉ်မောင်းကလည်း ကလေးတွေ မရှိတော့ဘူးထင်ပြီး ကားကို လော့ခ်ချရပ်ခဲ့တာ။ နေပူထဲမှာ ရပ်ခဲ့တော့ ကလေးက နာရီ တော်တော်ကြာအောင် အထဲမှာ ပိတ်မိသွားတာလို့ သိရတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။

ထို့နောက် ညနေပိုင်း ၃ နာရီတွင် ကလေးပြန်မလာသည့်အတွက် ဖုန်းဆက်ပြီးလိုက်ရာ ကလေးကိုသေဆုံးနေသည့် အနေအထားဖြင့် တွေ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ပူလွန်းပြီး လှောင်ပိတ်တာကြောင့် ရေဓာတ်ခြောက်သွားတာ ဖြစ်မယ်။ ကလေးရဲ့ လက်မှာ အသားတွေ ကွဲအက်တာတောင် ဖြစ်နေပြီလို့ သိရတယ်” ဟု အထက်ပါဒေသခံက ဆိုသည်။

ကလေးငယ်၏ အိမ်အမည်မှာ ညော်ညော် ဖြစ်ပြီး တစ်ဦးတည်းသောသားဖြစ်ကာ လက်ရှိအချိန်တွင် ကလေးငယ်အား တောင်ငူမြို့တွင် သင်္ဂြိုလ်ရန် ပြန်လည်ခေါ်ဆောင်သွားသည်ဟုလည်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ဆက်တွဲဖြစ်စဉ်ကို သိရရှိရန်အတွက် MT News သတင်းဌာနက ဆက်လက် စုံစမ်းနေပြီး သိရသည်များကို ဆက်လက်တင်ပြပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *