၃၀. ၄. ၂၀၂၃

Written by Tha Doe

ဆူဒန်နိုင်ငံတွင် ဆူဒန်စစ်တပ်နှင့် ပြိုင်ဘက် RSF တပ်အကြား တိုက်ပွဲဖြစ်ပွားနေမှု သီတင်း ၃ ပတ်ကျော် ရှိလာနေပြီး အပစ်အခတ်ရပ်စဲရန် နှစ်ဖက်သဘောတူညီထားသည့်ကြားမှ Khartoum မြို့တော်တစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အဆိုပါတိုက်ပွဲအကြား ပိတ်မိနေသည့် မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦးအား ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးက ကူညီကယ်တင်ခဲ့ကြောင်း သိရသည်။

မြန်မာသံရုံး၊ ရီရတ်ဒ်မြို့အနေဖြင့် နိုင်ငံသားများအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်နှင့်အညီ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများတွင် ရောက်ရှိနေပြီး အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား မလယ်မယ်မီး (Lae Mae Mee) သည် သူမ၏အိမ်ရှင်နှင့်အတူ အားလပ်ရက်ခရီးအဖြစ် ဆူဒန်နိုင်ငံ၊ ခါတွန်မြို့သို့ ရောက်ရှိပြီး စစ်မက်ဘေးနှင့် ကြုံတွေ့ကာ Port Sudan မြို့တွင်ပိတ်မိနေကြောင်း ဧပြီ ၂၆ ရက် (ဗုဒ္ဓဟူးနေ့) ညပိုင်းတွင် သံရုံးက သတင်းရရှိခဲ့သည်။

ထို့အတွက် မလယ်မယ်မီးအား ကူညီကယ်ဆယ်နိုင်ရေး မြန်မာသံရုံးက ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ ဆူဒန်နိုင်ငံ စစ်ဘေးအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးအတွက် ဆော်ဒီနိုင်ငံမှ ဖွဲ့စည်းထားသည့် Emergency Crisis Management Team သို့လည်းကောင်း ဆက်သွယ်၍ ဆော်ဒီနိုင်ငံမှ စီစဉ်ဆောင်ရွက်နေသည့် ကယ်ဆယ်ရေးသင်္ဘောတွင် လိုက်ပါခွင့်ရရှိရေး ညှိနှိုင်းခဲ့ရာ ညှိနှိုင်းရရှိခဲ့သည်။

ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံး၏ ကြိုးပမ်းအားထုတ်မှုကြောင့် မလယ်မယ်မီးသည် ဆူဒန်နိုင်ငံ Port Sudan မြို့မှ ဂျက်ဒါမြို့သို့ ဧပြီ ၂၉ ရက် (စနေနေ့) ညပိုင်းတွင်ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် သူမ၏လုပ်ငန်းခွင်ရှိရာ ဒူဘိုင်းမြို့သို့ ခရီးဆက်လက်ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံး၊ ရီရတ်ဒ်မြို့မှ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *