၂၃. ၄. ၂၀၂၃
Written by Phyo Wei

SAC ကျင်းပတဲ့ ဒုတိယမြောက်နှစ်သင်္ကြန်ဟာ မစည်ဘူးလို့ ထင်ကြသူတွေရှိပေမဲ့ ၂၀၂၂ ကထက် ပိုစည်ပါတယ်လို့ ပြောရမဲ့အခြေအနေမှာ လူမြင်ကွင်းက ပျောက်နေတဲ့ မြန်မာဘီယာနဲ့ ဒဂုန်ဘီယာကလည်း လမ်းလျှောက်သင်္ကြန်ပွဲတွေမှာ ပြန်ပါလာသလို ၁၉ လမ်းလိုနေရာမျိုးမှာတောင် ပြန်လည်ရောင်းချလာတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် Justice For Myanmar ကလည်း မြန်မာပြည်တွင်းထုတ်လုပ်ရောင်းချနေတဲ့ ဘီယာကုမ္ပဏီတွေဟာ အစိုးရကို တစ်နှစ်ဒေါ်လာ ၁၅၅ သန်းလောက် အခွန်ဆောင်နေတယ်လို့ ထုတ်ပြန်လာပြန်ပါတယ်။ ဒီလိုထုတ်ပြန်ဖိအားပေးတာကြောင့် Heineken တို့ Carlsberg တို့ မြန်မာ့စျေးကွက်ကထွက်ရင် အခုတောင် စျေးကွက်ထဲခြေလှမ်းပြန်ပြင်နေတဲ့ မြန်မာနဲ့ဒဂုန်ဟာ အရင်ထက်တောင်ပိုခြေအစုံပြင်းပြင်းနဲ့ စျေးကွက်လွှမ်းမိုးဦးမဲ့ အလားအလာတွေ ပြန်မြင်နေရတဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ မြန်မာ့ရေအားလျှပ်စစ်ကဏ္ဍက နုတ်ထွက်မယ်ဆိုတဲ့ AFRY အကြောင်း၊ ကမ္ဘာ့သံဖြူထုတ်လုပ်ရေးကို စျေးတက်စေတဲ့မြန်မာ့ထုတ်လုပ်မှု ပကတအမြင်စျေးကွက်အကြောင်းနဲ့ လတ်တလောအခြေအနေအရ လစာတိုးပေးဖို့မဖြစ်နိုင်သေးဘူးလို့ ငြင်းတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

“မြန်မာ့ရေအားလျှပ်စစ်ကဏ္ဍက နုတ်ထွက်မဲ့ AFRY”

မြန်မာ့ရေအားလျှပ်စစ်ကဏ္ဍမှာ ရဲရွာ၊ ပေါင်းလောင်း၊ နန်ချို၊ ဘီလူးချောင်း၊ ရွှေလီစတဲ့ စီမံကိန်း ၁၃ ခုအတွက် ဒီဇိုင်းပိုင်းတွေ နည်းပညာပိုင်းတွေမှာ အကြံပေးနေတဲ့ ဆွီဒင်အခြေစိုက် AFRY ဟာ မြန်မာ့ရေအားလျှပ်စစ်ကဏ္ဍကနေ ထွက်ခွာတော့မှာပါ။ သူ့ရဲ့ထွက်ခွာမှုဟာလည်း ထုံးစံအတိုင်းပဲ အလုံးစုံပျက်သုဥ်းရေးအတွက် တွန်းအားပေးသူတွေကြောင့်ပါပဲ။

ဒီနေရာမှာ မြန်မာ့လျှပ်စစ်ဓာတ်အား မီးမှန်မှန်ရရှိရေးကို ပြန်သုံးသပ်ချိန်တန်ပြီ ပြောရမှာပါ။ PDF တွေ မဖျက်ဆီးခင်က လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ပဲ မီးရနေတဲ့နိုင်ငံလေးက ရေအားလျှပ်စစ်ဆိုလည်း No၊ ကျောက်မီးသွေးဆိုလည်း ဟင့်အင်းလုပ်တဲ့ မြန်မာနိုင်ငံမှာ NLD အစိုးရလက်ထက် တစ်ပွဲတိုးလုပ်ခဲ့တဲ့ ရေနံဓာတ်ငွေ့ရည် LNG နဲ့ လျှပ်စစ်ထုတ်လုပ်တဲ့ V Power ကလည်း တွက်ချေမကိုက် အရှုံးပေါ်လို့ လစ်သွားခဲ့ပါပြီ။ အခြားတစ်ဖက်မှာလည်း နျုကလီးယားလျှပ်စစ်ဟာ အချိန်တိုနဲ့ အောင်မြင်ပါ့မလား မေးခွန်းထုတ်စရာအခြေအနေမှာ လျှပ်စစ်မီးမှန်မှန်ပေးနိုင်ဖို့ဟာ သေသေချာချာ Plan ချပြီးကို လုပ်ရတော့မှာပါ။ အိမ်တွင်းသုံးဆိုလာလေးတွေက အဖြေမဟုတ်တဲ့အပြင် လက်ရှိမှာ NUG နဲ့ PDF တွေက ဖျက်ဆီးနေတဲ့အခြေအနေတွေ၊ နေနဲ့လေလို ထုတ်ဖို့အတွက် နေရာအများကြီးပေးရ လေတိုက်မှရတာတောင် အများကြီးထုတ်မရတာတွေ၊ ဒါတွေကို ချိန်ဆတွက်ချက်ပြီး ကျော်ဖြတ်နိုင်မှ ၂၀၂၅ မှာ မီးမှန်မှာပါ။

သေချာတာက မဂ္ဂါဝပ်များများရမဲ့ Clean Coal စက်ရုံတွေ ဆောက်တာ၊ သံလွင်မြစ်လို Side Effect နည်းတဲ့နေရာတွေမှာ ရေအားလျှပ်စစ်မဂ္ဂါဝပ်များများထုတ်တာ လုပ်ရမှာပါ။ တခြားနိုင်ငံ Clean Coal နဲ့ ဘယ်လိုလုပ်နေသလဲ။ ဘာလို့ သူတို့ဆက်ထုတ်နေသလဲ ဖြေရှင်းချက်ကောင်းကောင်းရှိချိန်တန်ပါပြီ။ ပြီးတော့ တချို့သော စီမံကိန်းတွေဟာ ဒီမိုကရေစီအစိုးရအောက်မှာ လုပ်လို့မဖြစ်ပေမဲ့ တချို့သောအစိုးရတွေလက်ထက်မှာတော့ နိုင်ငံ့အတွက် အကျိုးရှိရင်လုပ်ရမဲ့အခြေအနေတွေရှိတယ်ဆိုတာ သတိချပ်ရမှာပါ။

“ကမ္ဘာ့သံဖြူထုတ်လုပ်ရေးကို စျေးတက်စေတဲ့မြန်မာ”

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ထုတ်လုပ်နေတဲ့ တန်ဖိုးကြီးသတ္တုဖြစ်တဲ့ သံဖြူထုတ်လုပ်မှုကို ဩဂုတ်လကစပြီး ရပ်ဆိုင်းမယ်ဆိုတာကြောင့် ကမ္ဘာ့သံဖြူစျေးကွက်ကို လှုပ်ခတ်သွားပြီး ကြိုပွိုင့်သံဖြူစျေးကွက်မှာ ၁၁ ရာခိုင်နှုန်းတက်သွားပါတယ်။ သံဖြူထုတ်လုပ်မှုကို အများဆုံးအရောင်းအဝယ်ပြုလုပ်နေတဲ့ တရုတ်စျေးကွက်မှာဆို သံဖြူတစ်တန် ယွမ် ၂၃၀၀၀၀ လောက်အထိ ခုန်တက်သွားသလို လန်ဒန်သတ္တုအိတ်ချိန်းစျေးကွက်မှာလည်း သံဖြူတစ်တန် ဒေါ်လာ ၂၉၀၀၀ နား ခုန်တက်သွားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ သံဖြူရယူဖို့အတွက် မြန်မာ့စျေးကွက်ကို မှီနေရတာဖြစ်ပြီး တရုတ်ကတင်သွင်းနေတဲ့သံဖြူရဲ့ ၇၀ ရာခိုင်နှုန်းဟာ မြန်မာက ရနေတာပါ။ အံဩစရာကောင်းတာတစ်ခုကတော့ ဒီလိုမျိုးသံဖြူထုတ်လုပ်မှုဟာ “ဝ” လို ဒေသသေးသေးလေးက ရပ်တာနဲ့ ကမ္ဘာ့စျေးကွက်အထိ လှုပ်ခတ်သွားတာမျိုးဖြစ်စဥ်ဟာ အရင်က မသိခဲ့ရတဲ့ထုတ်လုပ်မှုတွေပါ။ ဒီလိုပါပဲ။ ကချင်ဘက်က မြေရှား(Rare Earth) ထုတ်လုပ်မှုတွေဟာလည်း မြန်မာဘက်က ရပ်တာနဲ့ကမ္ဘာ့စျေးကွက်ကို ကမောက်ကမဖြစ်စေတာမျိုးရှိပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ ဒီလိုမျိုး ရှားပါးသတ္တုထုတ်လုပ်မှုတွေဟာ နိုင်ငံတိုးတက်ဖို့အတွက်မဟုတ်ဘဲ လက်နက်ကိုင်သတ်ဖြတ်ကြဖို့ဖြစ်နေတာပါ။

“တိုးပေးဖို့ မဖြစ်နိုင်သေးတဲ့ လစာ”

နိုင်ငံ့ဝန်ထမ်းတွေကို လစာ ဒါမှမဟုတ် ရှားပါးစရိတ် ကျပ် ၄၀၀၀၀ တိုးမြှင့်ပေးမယ်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေက ကောလာဟလပါလို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်ဦးဝင်းထိုက်က ငြင်းဆိုလိုက်တာကြောင့် နည်းပါးတဲ့လစာနဲ့ မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေကြားမှာ ယိနဲ့နဲ့ ရုန်းကန်နေရတဲ့ ဝန်ထမ်းတွေရဲ့မျှော်လင့်ချက်လေးက ပြိုလဲသွားခဲ့ရပါပြီ။

တစ်ဖက်မှာတော့ နိုင်ငံ့ဝန်ထမ်းတွေကို အစိုးရတစ်ရပ်သစ္စာခံအဖြစ် ပုံစံပြောင်းပြီး CDM လုပ်ဖို့ဆွဲဆောင်ခဲ့တဲ့ အနုပညာရှင်တွေကိုတော့ နည်းမျိုးစုံစည်းရုံးသိမ်းသွင်းနေတဲ့အပြင် ရွှေတံဆိပ်အကယ်ဒမီရင်ထိုးပါပေးမယ်ဆိုတာမျိုးက NUG နဲ့ PDF တွေ “ဒလန်၊ သူလျှို၊ နစက ယန္တရားလည်ပတ်အောင်လုပ်ပေးသူဆိုပြီး စွပ်စွဲသတ်ဖြတ် မုဒိမ်းကျင့်ခံနေရတဲ့ကြားက အသက်စွန့်လုပ်နေရတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေအတွက်လည်း မေးငေါ့စရာဖြစ်လာတဲ့အခြေအနေ” မှာ ထွက်ပေါက်တစ်ခုကတော့ ရှားပါးစရိတ်ပါပဲ။

တည်ဆဲအစိုးရတစ်ရပ်ဟာ ဘဏ္ဍာရေးအခြေအနေကြောင့် လစာတိုးပေးဖို့မဖြစ်နိုင်ရင် ငွေဖောင်းပွမှာနဲ့ ကုန်စျေးနှုန်းမြင့်တက်မှာကြောက်ရင် လစာမပေးဘဲ ရှားပါးစရိတ်လိုမျိုး အသွင်ပြောင်းပေးတတ်ကြပါတယ်။ ဒီကာလကြီးအတွင်းမှာလည်း SAC အစိုးရဟာ ဘက်စုံကျပ်တည်းလာတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေအတွက် ရှားပါးစရိတ်တွေ၊ ဝတ်စုံစရိတ်တွေ၊ အိမ်ငှားခတွေ ပုံစံအမျိုးမျိုးနဲ့ ၂၇ ကြိမ်လောက်ထောက်ပံ့ရာမှာ ဒီလိုထောက်ပံ့မှုကြောင့် ဂယက်ရိုက်ခဲ့တာ မရှိလို့လည်း ကျပ်တည်းနေတဲ့နိုင်ငံ့ဝန်ထမ်းကောင်းတွေဟာ လစာ ၄၀၀၀၀ တိုးမလာပေမဲ့ ရှားပါးစရိတ် ၄၀၀၀၀ ရဖို့ကိုတော့ စိတ်ကူးအိပ်မက်ရင်း မျှော်လင့်နေပါကြောင်း တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *