၉. ၄. ၂၀၂၃
Written by Phyo Wei

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) က အာရှပစိဖိတ်ဒေသအတွင်းက နိုင်ငံတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ဧပြီ ၄ ရက်က သတင်းထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ ၂၀၂၃ ခုနှစ်အတွင်း ဂျီဒီပီဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းရှိမှာဖြစ်ပြီး လာမဲ့ ၂၀၂၄ ခုနှစ်မှာ ၃ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်လာမယ်လို့ ဖော်ပြခဲ့တဲ့ ဒီရက်သတ္တပတ်မှာ ထူးခြားဖြစ်စဉ်အဖြစ်တော့ ဦးသန်းရွှေတို့ နအဖခေတ်တုန်းက ရွှေသံလွင်ကို ရောင်းချခဲ့တဲ့ စက်သုံးဆီဆိုင် ၁၃ ဆိုင်က နှစ်ဆိုင်ရဲ့ တန်ဖိုးကို SAC လက်ထက်မှာ ပြန်လည်ပြင်ဆင်ပြီး တန်ဖိုးရဲ့ ၉၀ ရာခိုင်နှုန်းအဖြစ် ကျပ်သန်း ၁၀၀ လောက် ထပ်မံပေးသွင်းစေခဲ့တာပါ။ ဒီလိုမျိုးလုပ်ဆောင်တာကို အများက သဘောကျခဲ့ပြီး ဒီလိုမျိုး နည်းပါးတဲ့တန်ဖိုးတွေနဲ့ ပုဂ္ဂလိကပေးခဲ့တာတွေအကုန် တန်ဖိုးပြန်လည်ပြင်ဆင်စေချင်တာမျိုးတွေလည်း တွေ့မြင်ခဲ့ရတဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ပြည်တွင်းကုမ္ပဏီတွေကို DICA က ငွေကြေးခဝါချမှုစိစစ်မယ်ဆိုတဲ့ အကြောင်း၊ အမေရိကန်အပါအဝင် အနောက်အုပ်စုရဲ့ ပစ်မှတ်ထားပိတ်ဆို့မှုတွေကြောင့် စိတ်ဓာတ်ကျခဲ့ရတဲ့ FDI တွေရဲ့အကြောင်းနဲ့ ကျပ်ဘီလျံ ၅၆၀၀ ကျော်ကို ကာကွယ်ရေးစရိတ်သုံးမဲ့ ဘတ်ဂျက်တွေအကြောင်းကို တင်ပြချင်ပါတယ်။

“ပြည်တွင်းကုမ္ပဏီတွေကို ငွေကြေးခဝါချမှုစိစစ်မဲ့ DICA”

ပြည်တွင်းမှာ တည်ထောင်ထားတဲ့ ကုမ္ပဏီတွေကို ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ရှိ မရှိ စိစစ်သွားမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ကြေညာလာပါတယ်။ တစ်ဖက်မှာလည်း ကုမ္ပဏီဒါရိုက်တာအဖြစ် ဖော်ပြထားသူ တစ်ဦးချင်းစီအတွက် နိုင်ငံသားစိစစ်ရေးကတ် မိတ္တူနဲ့ ပုံစံ “က” မှာ ဖော်ပြထားတဲ့ ဒါရိုက်တာရဲ့ နေရပ်လိပ်စာ အမှန်တကယ်နေထိုင်ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ ထောက်ခံချက်ကို ထည့်သွင်းဖော်ပြဖို့၊ MyCO စနစ်မှာ ဖော်ပြထားတဲ့ ကုမ္ပဏီရဲ့ မှတ်ပုံတင်ရုံးခန်းလိပ်စာဟာ မြေပြင်မှာ အမှန်တကယ် တည်ရှိကြောင်းနဲ့ ကုမ္ပဏီရုံးခန်းဖွင့်လှစ်ဖို့ စီစဥ်ဆောင်ရွက်ထားကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ ထောက်ခံချက်ကို ထည့်သွင်းတင်ပြရမယ်ဆိုတာတွေနဲ့ ကန့်သတ်လိုက်တာကို တွေ့ရပါတယ်။

လွတ်လပ်လွယ်ကူစွာ ကုမ္ပဏီတွေ တည်ထောင်ခွင့်ပြုခဲ့စဉ်ကာလ၊ ဖုန်းနံပါတ်တစ်လုံး ဆက်သွယ်လို့ရနေရုံနဲ့ ကုမ္ပဏီတစ်ခု အလွယ်လေးထောင်လို့ရခဲ့တာကနေ တိုးတက်မှုနောက်ပြန်ဆုတ်သွားတယ်လို့ ဝေဖန်ကြမှာဖြစ်ပေမဲ့လည်း အပြည်ပြည်ဆိုင်ရာငွေကြေးခဝါချမှုစောင့်ကြည့်ရေး FATF ရဲ့ Blacklist က လွတ်ချင်တယ်ဆိုရင်တော့ အခိုက်အတန့်မှာ သည်းခံရတော့မှာပဲဖြစ်ပါတယ်။ ငွေကြေးခဝါချမှုတွေ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတွေ လူအစုအပြုံလိုက်သေကျေစေနိုင်တဲ့ လက်နက်တွေဝယ်ယူဖို့ ငွေကြေးထောက်ပံ့ပြီး လူတစ်ယောက် သတ်ဖြတ်ခံရရင်၊ သေပြီးမှအပုပ်ချခံရရင် လက်ခုပ်တီးပြီး ပျော်တတ်တဲ့သူတွေ၊ လူသေစေဖို့ ငွေလှုသူတွေ များလာနေတဲ့နိုင်ငံမှာ ကိုယ့်လုပ်ဆောင်ချက်တွေကပဲ ကိုယ့်အပေါ် ဖိအားပြန်လာတတ်တာ ဓမ္မတာပဲမဟုတ်လား။

“အနောက်အုပ်စုရဲ့ ပစ်မှတ်ထားပိတ်ဆို့မှုတွေကြောင့် စိတ်ဓာတ်ကျခဲ့ရတဲ့ FDI”

ကိုရိုနာဗိုင်းရပ်ကပ်ရောဂါဖြစ်ပွားနေချိန်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ အမေရိကန်အပါအဝင်အနောက်အုပ်စုရဲ့ ပစ်မှတ်ထားပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဓါတ်ကို ဆက်လက်ကျဆင်းစေခဲ့တယ်လို့ ASEAN+3 Macroeconomic Research Office (AMRO) အဖွဲ့က ပြောပါတယ်။

ပိတ်ဆို့မှုတွေကြောင့် မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတချို လုပ်ငန်းတွေပြန်လည်ရုတ်သိမ်းခဲ့သလို တချို့ကလည်း လုပ်ငန်းတိုးချဲ့ဖို့ စိတ်ဝင်စားမှုမရှိခဲ့ပြန်ပါဘူး။ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့တာကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်ဝင်ရောက်ရေးအပေါ် စိတ်ပျက်အားလျော့မှု ဖြစ်စေခဲ့တဲ့အပြင် နိုင်ငံတကာအလှူရှင်တွေဆီက ကူညီထောက်ပံ့ပေးမှုတွေလည်းဖြတ်တောက်ခံခဲ့ရတယ်လို့ AMRO က ပြောပါတယ်။

ဒါပေမဲ့လည်း ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ သိသိသာသာကျဆင်းသွားခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာ အနည်းငယ်ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ ဆိုးတာက ၂၀၂၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ငွေကြေးဖောင်းပွမှုနှုန်းထက် ၂၀၂၂ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်းပိုမိုမြင့်တက်လာခဲ့တာကြောင့် အစားအစာနဲ့ လောင်စာဆီဈေးနှုန်းတွေလည်း မြင့်တက်ခဲ့တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၂၀၂၁ ခုနှစ်က ၁၃ ဒသမ ၆ ရာခိုင်နှုန်းကနေ ၂၀၂၂ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ AMRO က သုံးသပ်ခဲ့ပါတယ်။ သေချာတာကတော့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေက ပိတ်ဆို့ခံရသူတွေကို မထိဘဲ ပြည်သူတွေပဲထိခိုက်တယ်ဆိုတာကတော့ တစ်ချိန်က အမေရိကန်ပိတ်ဆို့ခံရင်း ပိုကြွယ်၀ သွားတဲ့ ခရိုနီတွေ လက်ရှိအချိန်မှာ နိုင်ငံတကာကို သူတို့ကြွယ်၀မှုတွေ ဖြန့်ထုတ်ဖို့ ကြိုးစားနေတာက သက်သေပြပါတယ်။ ပြီးတော့ NUG အားပေးမှုနဲ့ အမေရိကန်အပါအဝင် အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေက တပ်နဲ့ နီးစပ်သူတွေကိုပဲ အကျိုးရှိစေခဲ့တာကိုလည်း တယ်လီနောနဲ့ အော်ရီဒူးတို့ မြန်မာ့စျေးကွက်က ထွက်တဲ့ဖြစ်စဉ်နှစ်ခုကို လေ့လာရင်ပဲ သိပါလိမ့်မယ်။ အကျိုးအမြတ်များလွန်းတဲ့ မြန်မာ့တယ်လီကွန်းစျေးကွက်ကနေ အော်ရီဒူးနဲ့ တယ်လီနောဟာ မထွက်ချင်ပေမဲ့လည်း အမေရိကန်တို့ဖိအားပေးမှုကြောင့် စျေးကွက်ပေါက်စျေးရဲ့ ထက်ဝက်လောက်နဲ့ရောင်းချထွက်ခွာရာမှာ ဝယ်ယူခဲ့သူတွေက တပ်နဲ့ နီးစပ်သူတွေဖြစ်လို့ ဒီလူတွေအကျိုးရှိအောင်ပဲ NUG တို့ အမေရိကန်တို့ အနောက်အုပ်စုတွေက တမင်လုပ်နေသလား တွေးစရာပါပဲ။

“ကျပ်ဘီလျံ ၅၆၀၀ ကျော်ကို ကာကွယ်ရေးစရိတ်သုံးမဲ့ ဘတ်ဂျက်”

လက်ရှိ ၂၀၂၃-၂၀၄ ဘဏ္ဍာနှစ်မှာ ကာကွယ်ရေးဝန်ကြီးဌာနက ကျပ် ၅၆၃၅ ဘီလျံကျော် သုံးစွဲမှာဖြစ်ပြီး အရင်နှစ်က သုံးစွဲခဲ့တဲ့ ကျပ် ၃၇၀၄ ဘီလျံထက် ကျပ် ၁၉၃၁ ဘီလျံကျော် ပိုမိုသုံးစွဲမယ်လို့ ဧပြီ ၇ ရက်က ထုတ်ပြန်တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေမှာ ဖော်ပြထားပါတယ်။

“ကာကွယ်ရေးက နှစ်စဉ် ဒေါ်လာ ၂ ဘီလျံလောက်သုံးလာတာ ဘဏ္ဍာနှစ် ၁၀ နှစ်လောက်ရှိပြီ။ ဒီနှစ်မှာ အရင်နှစ်ကထက် ကျပ် ဘီလျံ ၂၀၀၀ နီးပါးပိုသုံးမယ်ဆိုပေမဲ့ ဒေါ်လာစျေးနဲ့တွက်ရင်တော့ ဒေါ်လာနှစ်ဘီလျံလောက်ပဲ ဆက်သုံးတဲ့သဘောကို မြင်ရတာပေါ့။ ကျပ်ငွေက တန်ဖိုးကျ ဖောင်းပွနေတော့ ‘ဟာ’ တပ်က ဘီလျံ ၂၀၀၀ လောက်တောင် ပိုသုံးနေတယ်။ တိုက်ပွဲတွေအတွက် ငွေအရမ်းသုံးတယ်လို မြင်စရာဖြစ်ပေမဲ့ ဒေါ်လာစျေးနဲ့တွက်ရင်တော့ အရင်နှစ်တွေလိုပဲ ဆက်သုံးတယ်လို ပြောရမဲ့သဘောဖြစ်နေတယ်” လို့ ဘတ်ဂျက်လေ့လာသူ စီးပွားရေးပညာရှင်တစ်ဦးက ပြောပါတယ်။

၂၀၂၃-၂၀၄ ဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေနဲ့ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲတွေကို ထောက်ပံ့မှုတွေအပါအဝင် ကျပ် ၁၉၉၅၆ ဘီလျံကျော် သုံးစွဲမှာဖြစ်ပြီး ရငွေက ကျပ် ၁၃၀၆၄ ဘီလျံကျော်ဖြစ်တာကြောင့် ဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေရဲ့ လိုငွေက ကျပ် ၆၈၉၂ ဘီလျံကျော်ရှိလာမဲ့အပြင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေကလည်း လိုငွေတွေရှိနေတာတွေကြောင့် ဒီနှစ်ရဲ့ ဘတ်ဂျက်လိုငွေက ကျပ် ဘီလျံ ၈၀၀၀ ပတ်လည်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ လက်ရှိကာလဟာ အခက်အခဲအကျပ်အတည်းပေါင်းစုံနဲ့ လုပ်ကိုင်နေရတာဖြစ်သလို ဘတ်ဂျတ်လိုငွေတွေ များလာတိုင်း ငွေစက္ကူရိုက်ထုတ်တော့မယ်ဆိုတာမျိုး ကောလာဟလတွေနဲ့ ကျပ်ငွေတန်ဖိုးမကျကျအောင် ထိုးချတတ်တာတွေ ရှိနေတဲ့အချိန်အခါမို့လို့လည်း မကုန်သင့်တဲ့ဘတ်ဂျတ်တွေ မကုန်အောင်၊ အဂတိမရှိအောင်တော့ အထူးတလည်ကြပ်မတ်ဖို့ လိုအပ်ပါမယ်လို့ တင်ပြရင်းနဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *