၉. ၄. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေသောပစ္စည်းများကြောင့် သေဆုံး၊ ဒဏ်ရာရသူဦးရေ မြင့်တက်နေဆဲဖြစ်ပြီး ထိခိုက်နစ်နာသူ စုစုပေါင်းအရေအတွက်၏ ၃၄ ရာခိုင်နှုန်းမှာအရွယ်မရောက်သေးသော ကလေးများဖြစ်ကြောင်းကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ၏ နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် စစ်ပွဲအတွင်းကျန်ရှိသော လက်နက်ပစ္စည်းများ ERW ကြောင့် ၂၀၂၂ ခုနှစ်အတွင်းသေဆုံးထိခိုက်ဒဏ်ရာရသူဦးရေသည် ၃၉၀ ဦးရှိခဲ့ပြီး ပြီးခဲ့သော ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် များစွာမြင့်တက်လာခဲ့ကြောင်း UNICEF က ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ်အတွင်းက မြေမြှုပ်မိုင်းနှင့် စစ်ပွဲအတွင်းကျန်ရှိသော လက်နက်ပစ္စည်းများ (ERW)ကြောင့် သေဆုံးထိခိုက်သူဦးရေ ၂၈၄ ဦးရှိခဲ့ကြောင်း သိရသည်။အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် စစ်ပွဲအတွင်းကျန်ရှိသော လက်နက်ပစ္စည်းများ (ERW) ကြောင့် ၂၀၂၂ ခုနှစ်တွင်သေဆုံးသူ ၁၀၂ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၂၈၈ ဦးရှိခဲ့ကြောင်း၊ မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူများအနက် ၁၃၃ ဦးမှာ ကလေးငယ်များဖြစ်ပြီး ကျန် ၂၅၇ ဦးက အရွယ်ရောက်ပြီးသူများဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင် မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရသူ ၂၈၄ ဦးအနက်  အများစုက ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ အများဆုံးဖြစ်ကြောင်း UNICEF အဖွဲ့က ပြောသည်။၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်း တားဆီးဆန့်ကျင်ရေး သဘောတူစာချုပ်ကို နိုင်ငံများက ပိုမိုပြီးလက်မှတ်ရေးထိုးကြရန် တိုက်တွန်းတောင်းဆိုမှုများရှိနေပြီး မြေမြှုပ်မိုင်း  တားဆီးဆန့်ကျင်ရေး သဘောတူစာချုပ်မှာ နိုင်ငံပေါင်း ၁၆၄ နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထားကာ ကမ္ဘာ့နိုင်ငံများ၏ ၈၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံကမူ အဆိုပါ မြေမြှုပ်မိုင်း တားဆီးဆန့်ကျင်ရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း သိရသည်။ မြေမြှုပ်မိုင်းဒဏ်ခံရသော ကချင်ပြည်နယ် မြောက်ပိုင်းတွင်နေထိုင်သော လားလူအမည်ရှိ ကလေးငယ်တစ်ဦး၏မိခင်ဖြစ်သူ ဒေါ်လုံလင်းက “ကျွန်မသားလေးက ဒီပေါက်ကွဲမှုတွေဖြစ်ပြီး အသက်ကလည်းငယ်သေးတော့ စိတ်ဒဏ်ရာ တော်တော်ဖြစ်သွားတာ။ ဆေးရုံရောက်တော့လည်း တစ်ပတ်၊ ဆယ်ရက်လောက် သူ ဒီအတိုင်းပဲ ငိုနေပြီး စကားမပြောနိုင်ဘူး။ နှစ်ပတ်လောက်ကြာတော့မှ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ပြန်ပြောပြနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီပေါက်ကွဲမှုက အခုနှစ် ဇန်နဝါရီလမှာ လားလူနဲ့ သူ့ရဲ့သူငယ်ချင်းနှစ်ယောက် ကျောင်းက အပြန် အိမ်အနီးက လယ်ကွင်းထဲမှာ ကစားနေတုန်း ဖြစ်ပွားခဲ့တာပါ။ အဲဒီမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားမှန်း ကျွန်မတို့မသိခဲ့ဘူး”ဟုဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်ပဋိပက္ခ အရှိန်မြင့်တက်လာသည့်အတွက် လက်နက်ကိုင်အဖွဲ့များကြား မြေမြှုပ်မိုင်း ပိုပြီးချထားလာသည်ကိုတွေ့ရှိရကြောင်း UNICEF က ပြောသည်။

Ref—- UNICEF

Leave a Reply

Your email address will not be published. Required fields are marked *