ယူ-၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအကြို ပိုစတာကြီးများကို ဂျာကာတာမြို့ လမ်းများပေါ်၌ပင် စိုက်ထူထားပြီးဖြစ်သည်ကို မတ်လ ၃၀ ရက်က တွေ့ရစဉ်။

◾️ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် အနေဖြင့် FIFA ၏ နောက်ဆက်တွဲ အရေးယူမှုများနှင့်ပါ ကြုံတွေ့ရဖွယ်ရှိ

၃၀.၃.၂၀၂၃.
translated by Htwe Ko Tun

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က ယူ-၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားမှုမှ အင်ဒိုနီးရှားနိုင်ငံအား ပယ်ဖျက်လိုက်သည်ဟု မတ်လ ၂၉ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရပြီး ပြိုင်ပွဲအား ပြောင်းရွှေ့ကျင်းပမည့်နေရာအသစ်ကို ကြေညာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မတ်လ ၂၄ ရက်က ဘာလီမြို့တွင် ပြုလုပ်ခဲ့သော အုပ်စုပွဲစဉ်ရေးဆွဲပွဲအပြီး၌ ဘာလီအုပ်ချုပ်ရေးမှူး ဝါရန်းကိုစတာက အစ္စရေးအသင်းအား အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် ငြင်းဆန်ခဲ့သည်။ မတ်လ ၂၀ ရက်ကလည်း ပြိုင်ပွဲတွင် အစ္စရေး ယူ-၂၀ အသင်းပါဝင်မှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ဂျာကာတာမြို့၌ ပြုလုပ်ခဲ့ကြသည်။

အင်ဒိုနီးရှားနိုင်ငံက အစ္စရေးနိုင်ငံနှင့် သံတမန်အဆက်အသွယ်မရှိဘဲ ယခုဖြစ်ရပ်တွင်လည်း ဆန္ဒပြသမားများက ပါလက်စတိုင်းကိုထောက်ခံကြောင်း ပြသမှုအဖြစ် အစ္စရေးအား ပြိုင်ပွဲတွင် ပါဝင်မှုလက်မခံကြောင်း တောင်းဆိုဆန္ဒပြကြရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားအား အဆိုပါပြိုင်ပွဲကျင်းပခွင့်ကို ၂၀၁၉ ခုနှစ်တွင် FIFA ကဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အစ္စရေးအသင်းမှာ ခြေစစ်ပွဲ မအောင်မြင်သေးကြောင်းလည်း သိရသည်။

FIFA ၏ကြေညာချက်တစ်ရပ်၌ ထိုကဲ့သို့သော အခြေအနေများကြောင့် FIFA အနေဖြင့် အင်ဒိုနီးရှားနိုင်ငံအား ယူ-၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားမှုမှ ပယ်ဖျက်ရန်ဆုံးဖြတ်ခဲ့ကြောင်း၊ ပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံအသစ်ကို အမြန်ဆုံးကြေညာသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပမည့်ရက်များကို လတ်တလော ပြောင်းလဲခြင်းမရှိသေးကြောင်း၊ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ကိုလည်း ပိတ်ဆို့အရေးယူမှုများနောက်ပိုင်းတွင် ပြုလုပ်သွားနိုင်ကြောင်း ဖော်ပြခဲ့သည်။

FIFA ၏ကြေညာချက် မထုတ်ပြန်မီ နာရီဝက်ခန့်အလို၌ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် အမှုဆောင်ကော်မတီအဖွဲ့ဝင် အာရာ ဆီနူလင်ဂါ က ” အင်ဒိုနီးရှားအနေနဲ့ ဒီပြိုင်ပွဲကို အိမ်ရှင်ကျင်းပခွင့် မူလအတိုင်းပဲဆက်ရမလားဆိုတာနဲ့ပတ်သက်လို့ ပြောရရင် ကျွန်တော့်အနေနဲ့တော့ အရမ်းကိုမကောင်းတဲ့ဘက်က မြင်မိတယ်။ အားကစားမှာ နိုင်ငံရေးလိုလားချက်တွေကို ကျွန်တော်တို့ ထည့်ပြီးတောင်းဆိုရင် အမြဲတမ်းဒီလိုပဲဖြစ်မှာပဲ။ ကျွန်တော်တို့အနေနဲ့ ဘောလုံး ဂေဟစနစ်ထဲက နှင်ထုတ်ခံရလိမ်မယ်ဆိုတာ ပြတာပဲ။ ခုလို ဖြစ်ရမှုက ကျွန်တော်တို့အားလုံးအတွက် ဆိုးဝါးလွန်းပါတယ်။ ကျွန်တော်တို့ အားကစားမှာ ဘေးဒုက္ခဖြစ်ဖို့ တိုးဝင်ခဲ့သလိုပဲ။ တကယ်က အားကစားနဲ့ နိုင်ငံရေး ခွဲခြားမြင်ကြဖို့ ကျွန်တော်တို့ တာဝန်ရှိတယ်” ဟု ပြောကြားသွားခဲ့သည်။

ပြိုင်ပွဲကျင်းပရန် ရှစ်ပတ်အလိုတွင်မှ ဤသို့အိမ်ရှင်ကျင်းပခွင့်ရုပ်သိမ်းခံခဲ့ရသော အင်ဒိုနီးရှားနိုင်ငံမှာ ပြိုင်ပွဲအတွက် ဂျာကာတာမြို့အပါအဝင် မြို့ကြီးခြောက်မြို့၌ အားကစားကွင်းများ အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ကာ ဤသို့ဖြစ်ရမှုကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ကို နောက်ဆက်တွဲ အရေးယူမှုများ ဆက်လက်ပြုလုပ်လာမည်ဟု မျှော်လင့်ရသည်။

Ref—-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *