သုံးနှစ်စာချီးမြှင့်မည့် အကယ်ဒမီပေးပွဲအတွက် ပြန်ကြားရေးဝန်ကြီးဦးဆောင်၍ ပြောကြားနေမှုနှင့် ယခင်ရွေးချယ်ထားသော ရွှေကြိုများ၊ ဆက်လက်ရွေးချယ်နေသည့် ရွှေကြိုလျှောက်ထားသူများမြင်ကွင်း

၃၀.၃. ၂၀၂၃
Written By Thandar

သုံးနှစ်စာပေးအပ်သွားမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို အရင်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးဆောင်ကျင်းပခဲ့ပေမဲ့လည်း ဒီကာလဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းရှင်တွေအပါအဝင် အနုပညာလောက သားတွေ အခက်အခဲရှိနေတဲ့အတွက် နိုင်ငံတော်က မ,တည်ပြီး ရွှေစင်ရုပ်တုအားလုံးနဲ့ ကုန်ကျစရိတ်တွေကို ထုတ်နုတ်ဆောင်ရွက်ပေးသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဦးမောင်မောင်အုန်း ပြောကြားမှုအရ သိရပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ Nebula X Entertain-ment Co., Ltd. က နည်းပညာမြင့် 3D Projection Mapping နဲ့ အကယ်ဒမီပေးပွဲစင်မြင့်တည်ဆောက်ခြင်း၊ Lighting နဲ့ Sound System၊ Stage Design ရေးဆွဲထားမှုတို့နဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြခြင်းကို မတ် ၂၈ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပြီး ဒီအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု သုံးနှစ်စာပေးအပ်မယ့်ဆုပေးပွဲကို ခမ်းခမ်း နားနား အဆင့်မြင့်စွာနဲ့ နိုင်ငံတော်အဆင့် စီမံဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီရှင်းလင်းပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲတွေ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဒုတိယဥက္ကဋ္ဌတွေဖြစ်ကြတဲ့ ဦးဇော်မင်းနဲ့ အကယ်ဒမီများရှင် ရန်အောင်၊ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ Nebula X Entertainment Co.,Ltd. က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

၂၀၁၉၊ ၂၀၂၀ နဲ့ ၂၀၂၂ သုံးနှစ်စာ ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ အနုပညာကိုချစ်မြတ်နိုးပြီး ပူးပေါင်းဆောင်ရွက်လိုသူတွေရှိရင်လည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ဒီနှစ်မှာ အရင်ကျင်းပခဲ့တဲ့ သမားရိုးကျပုံစံမျိုးထက် ခေတ်နဲ့လျော်ညီတဲ့နည်းပညာပိုင်းတွေ၊ Lighting တွေ၊ Program တွေကိုလည်း စီမံဆောင်ရွက်ဖို့လိုကြောင်းနဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီး အောင်မြင်စွာကျင်းပနိုင်ဖို့ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းကိုလည်း ပြန်ကြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ။ သုံးနှစ်စာချီးမြှင့်မည့် အကယ်ဒမီပေးပွဲအတွက် ပြန်ကြားရေးဝန်ကြီးဦးဆောင်၍ ပြောကြားနေမှုနှင့် ယခင်ရွေးချယ်ထားသော ရွှေကြိုများ၊ ဆက်လက်ရွေးချယ်နေသည့် ရွှေကြိုလျှောက်ထားသူများမြင်ကွင်း

Leave a Reply

Your email address will not be published. Required fields are marked *