ဦးရဲထွဋ် အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူထားသော FLYDO နှင့် WFP တို့ ပူးပေါင်းပြီး တိုက်ပွဲရှောင်ပြည်သူများကို ထောက်ပံ့နေသည့် မြင်ကွင်း (Photo- FLYDO Myanmar)

MT News

Written by Tha Doe

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ပူးပေါင်းကာ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာ ကူညီထောက်ပံ့နေသည့် FLYDO(အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်း) အမှုဆောင်ဒါရိုက်တာဦးရဲထွဋ်အား NUG ဩဇာခံ PDF များက ဖမ်းဆီးကာ ကျပ်သိန်း ၅၀၀၀ ငွေညှစ်တောင်းခံနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

အဆိုပါ ဖြစ်စဉ်ကို ပြည်တွင်းသတင်းဌာနများက ဖော်ပြရာတွင် “မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပခုက္ကူမြို့၊ အမှတ်(၁၅) ရပ်ကွက်၊ မြို့ရှောင်လမ်းရှိ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရုံးခွဲနှင့် ပူးပေါင်း၍ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများထံ စားနပ်ရိက္ခာများဖြန့်ဝေပေး လျက်ရှိသည့် “အနာဂတ်အလင်းရောင် ဖောင်ဒေးရှင်း” အသင်းဥက္ကဋ္ဌနှင့်ဇနီးဖြစ်သူ အပါအဝင် ၁၂ ဦးတို့သည်ကားဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲများတင်ဆောင်၍ ပခုက္ကူမြို့မှ မြစ်ခြေ-ကျွန်းချောင်းဥယျာဉ်စု -အရှေ့ကမ်းဖြူ- တောင်ပလူ-ရှားဒူး-ခံတော ကျေးရွာလမ်းများအတိုင်း ဒေသခံ တိုက်ပွဲရှောင်ပြည်သူများအား ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့ပြီး အရှေ့ကမ်းဖြူကျေးရွာသို့ရောက်ရှိစဉ် PDF များမှ ယာဉ်အားတားဆီး၍ ၎င်းယာဉ်ပေါ်တွင် လိုက်ပါသူများအား ဖမ်းဆီးခေါ်ဆောင်သွားပြီး အသင်းဥက္ကဏ္ဍ၏ ဇနီးအပါအဝင် ဝန်ထမ်း ၁၁ ဦးအား ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် ဖုန်းဖြင့်ဆက်သွယ်၍ “အသင်းဥက္ကဋ္ဌအား ပြန်လည်လွတ်မြောက်လိုလျှင် ငွေကျပ်သိန်း ငါးထောင်ဖြင့် လာရွေးရမည် မပေးနိုင်လျှင် သတ်ဖြတ်မည်”ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

MT News သတင်းဌာန၏ စုံစမ်းချက်အရမူ FLYDO (အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်း) သည် ပခုက္ကူအခြေစိုက် ဒေသတွင်း NGO အဖြစ်ရပ်တည်နေပြီး ကုလသမဂ္ဂ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ပူးပေါင်းကာ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာကူညီထောက်ပံ့နေသည်မှာ မှန်ကန်ကြောင်းနှင့် ချင်းတွင်းဖိနပ်လုပ်ငန်းပိုင်ရှင်ဦးရဲထွဋ်မှာလည်း FLYDO အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူထားသူဖြစ်ကြောင်း သိရသည်။ သို့သော် အထက်ပါဖြစ်စဉ်မှာမူ မတ်လဆန်းကတည်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး PDF များ ငွေညှစ်တောင်းခံသည့် ကျပ်သိန်း ၅၀၀၀ ကို ပေးအပ်နိုင်မှုမရှိသဖြင့် ညှိနှိုင်းနေကြရာ ယခုအချိန် ညှိနှိုင်းမှုအဆင်မပြေမှသာ တာဝန်ရှိသူများကို တိုင်ကြားခြင်းဖြစ်သည်ဟုလည်း ကနဦးသတင်းများအရ သိရှိရသည်။

“ဒီဖြစ်စဉ်ဖြစ်သွားတာကြာပါပြီ။ မတ်လဆန်း ၂ ရက်၊ ၃ ရက်၊ ၄ ရက်လောက်ကတည်းက ဦးရဲထွဋ်ကို ဖမ်းထားတာ။ ကျန်တဲ့သူတွေကတော့ လွှတ်ပေးလိုက်ပါတယ်။ သူ့ကို ဒလန်လုပ်တယ်ဆိုပြီးတော့ ဖမ်းထားတာ”ဟု အဆိုပါဖြစ်စဉ်ကို သိရှိသူတစ်ဦးက MT News သို့ မတ်လ ၂၉ ရက်တွင် ပြောသည်။

နောက်ဆုံးသတင်းများအရ ပြန်ပေးဆွဲသည့် PDF များ တောင်းခံသည့် ကျပ်သိန်း ၅၀၀၀ ငွေကြေးဖြင့် ပြန်ရွေးယူနိုင်ခြင်းမရှိသော ဦးရဲထွဋ်အား ဒလန်ဟုဆိုကာ သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ပခုက္ကူမြို့ပေါ်တွင် သတင်းများပျံ့နှံ့နေသည်ဟုလည်း မြို့ခံလုပ်ငန်းရှင်တစ်ဦးက MT News သို့ပြောသည်။

PDF များ၏ ဖမ်းဆီးငွေညှစ်မှုဖြစ်စဥ်တွင် ဦးရဲထွဋ်၏ FLYDO မှာ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ပူးပေါင်းကာ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာ ကူညီထောက်ပံ့နေသည်မှာ မှန်ကန်ကြောင်း၊ ချင်းတွင်းဖိနပ်လုပ်ငန်းပိုင်ရှင်ဦးရဲထွဋ်မှာလည်း FLYDO အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူထားသူဖြစ်ကြောင်း၊ ဦးရဲထွဋ်ကို NUG ဩဇာခံ PDF များက ဖမ်းဆီးသွားသည်မှာ မှန်ကန်ကြောင်းနှင့် ပြန်ပေးဆွဲငွေညှစ်သည့်ဖြစ်စဉ်မှာလည်း မှန်ကန်ကြောင်းကို အတည်ပြုနိုင်ခဲ့သည်။ သို့သော် ဦးရဲထွဋ်ကို သ-တ်ဖြတ်လိုက်ပြီဖြစ်ကြောင်းနှင့် မည်သည့် PDF အဖွဲ့က ဖမ်းဆီးသ-တ်ဖြတ်လိုက်သည်ကိုမူ အတည်မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *