တရားခံများမှာ ဒုရဲမှူးကို သတ်ဖြတ်လုယက်မှုနှင့် ဒေါ်တောမုန့်တီဆိုင်ကိုပါ လုယက်မှုကျုးလွန်ထားသည့်အပြင် စိန်ကျော်မိုးရွှေသန့်စင်ဆိုင်မှာလည်း ဓားပြတိုက်ရာပါရွှေများတရားမဝင် ဝယ်ခဲ့၍ အရေးယူမည်ဟု ထုတ်ပြန်

MT News
၃၀. ၃. ၂၀၂၃

မန္တလေးမြို့တွင် မတ်လ ၂၇ ရက်က ဖြစ်ပွားခဲ့သည့်“စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး” ဆိုင်ကို ဓားပြတိုက် လုယက်မှုကျူးလွန်ခဲ့သည့် တရားခံများအား ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းမိကြောင်းနှင့် ဓားပြတိုက်သူများမှာ လူသတ်မှုကျုးလွန်ထားသည့်အဖွဲ့ဖြစ်ပြီး စိန်ကျော်မိုးရွှေသန့်စင်ဆိုင်မှာလည်း ဓားပြတိုက်ရာပါရွှေများကို တရားမဝင် ဝယ်ယူခဲ့သည့် ရွှေဆိုင်ဖြစ်၍ အရေးယူမည်ဖြစ်ကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ်လ ၂၉ ရက် ညပိုင်းတွင် သတင်းထုတ်ပြန် သည်။

ဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက် ၁၇၁၅ နာရီခန့်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ အကွက်အမှတ်(၅၇၅)၊ ၈၅ (A)လမ်း၊ ၃၁ x ၃၂  လမ်းကြားရှိ “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး” ဆိုင်ရှေ့၌ ရွှေဆိုင်ဝန်ထမ်း ၂ ဦးမှ ငွေကျပ်သိန်း ၁၅၀၀ အား စိန်သရဖူ ရွှေသန့်စင်လုပ်ငန်းသို့ ပို့ဆောင်ရန် Hijet ယာဉ်ပေါ်သို့ တင်ဆောင်နေစဉ် စိစစ်ဆဲ ကျား ၃ ဦးသည် မော်တော် ယာဉ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ၂ ချက် မိုးပေါ်ပစ်ဖောက်ကာ ငွေကျပ် သိန်း ၁၂၀၀ အား ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့သည်။

သို့ဖြစ်၍ လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဖြစ်စဉ်နေရာသို့ သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ရာ ဆိုင်အတွင်း တပ်ဆင်ထားသည့် CCTV မှတ်တမ်းများအရ စိစစ်ဆဲ ကျား ၃ ဦးသည် ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ငွေကြေးများအား ယာဉ်အမှတ်၊ YGN-5D/2975 Nissan March (အနက်ရောင်) ယာဉ်ဖြင့် သယ်ဆောင်ထွက်ခွာသွားကြောင်း သိရှိရသည်။ ဓားပြတိုက်လုယက်သူများ စီးနင်းလိုက်ပါသွားသည့် ယာဉ်အား စုံစမ်း စစ်ဆေးရှာဖွေခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၁ လမ်း၊ ၁၃၅ x ၁၃၆ လမ်းကြားရှိ ခြံဝင်းအတွင်း ဆက်စပ်တရားခံ တင်စိုးနှင့် ကျော်တင်ဦး(ခ)ငပိန်တို့ ၂ ဦးအား ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်နှင့်အတူ ဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ မတ်လ ၂၈ ရက် ညပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ရွာလမ်း၊ အကွက်အမှတ်၊ ၈၆၂ ၌ တရားခံ ဆန်းဝင်း အား ဖမ်းဆီးရမိခဲ့ပြီး အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ ဓနုံးကျေးရွာ၌ ဖမ်းဆီးရန်ကျန် တရားခံ ကျော်နိုင်၏ နေအိမ်မှ Sigsauer ပစ္စတို ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ၉ မမကျည် ၄၃ တောင့်၊ ဓားပြတိုက်လုယက်မှုတွင် ပါရှိသွားသည့် ငွေကျပ် သိန်း ၆၀၀ ၊ ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်မှုန့် ၂၂၈၀ ဂရမ်နှင့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀,၀၀၀ ပြားတို့အား သိမ်း ဆည်း ရမိခဲ့သည်။

ထို့အပြင် ဖမ်းဆီးရမိတရားခံ ဆန်းဝင်း ၏ ထွက်ဆိုချက်အရ ပြည်ကြီးတံခွန် မြို့နယ်၊ ၁၄၂ လမ်း၊ ၆၁ x ၆၂ လမ်းကြား၌ တရားခံ တင်စိုး(ခ)ရခိုင် အား ဓားပြတိုက် လုယက်မှုတွင် ပါရှိသွားသည့် ငွေကျပ် ၂၃၅ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ တရားခံ ဆန်းဝင်း သည် ၁၉၉၄ ခုနှစ်တွင် တာချီလိတ်မြို့၌ တရားမဝင်ရှေးဟောင်းပစ္စည်း ရောင်းဝယ်ပြုလုပ်မှုဖြင့်  တာချီလိတ်မြို့မရဲစခန်းတွင် ဖမ်းဆီးခံခဲ့ရပြီး ကျိုင်းတုံအကျဉ်းထောင်၌ ထောင်ဒဏ် ၃ နှစ် ကျခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလတွင် ကလောမြို့၊ မြို့အဝင်စစ်ဆေးရေးဂိတ်၌ ဘိန်းမဲ ၅ ပိဿာနှင့်အတူ ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ် နှစ် ၃၀ ထပ်မံကျခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်ကြောင်း သိရှိရသည်။

တရားခံ တင်စိုး(ခ)ရခိုင်သည် ၂၀၀၃ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ကချင် ပြည်နယ်၊ မိုးညှင်းမြို့မရဲစခန်း၌ ဖမ်းဆီးခံခဲ့ရပြီး မြစ်ကြီးနားအကျဉ်းထောင်တွင် ထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရကာ ၂၀၀၉ ခုနှစ်တွင် ပြစ်ဒဏ်စေ့သဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ကြောင်း သိရှိရသည်။

တရားခံ ဆန်းဝင်း၏ ထွက်ဆိုချက်အရ ဓားပြတိုက်လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စတို ၂ လက်နှင့်ခဲယမ်းများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင် ဖယ်ခုံမြို့နယ်၊ လအိကျေးရွာသို့ သွားရောက်၍ ဖမ်းဆီးရန်ကျန် တရားခံ မောင်ဆန်း ထံမှ ငွေကျပ် ၁၀၂ သိန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြောင်းမဲ့လုပ်ကြံသ-တ်ဖြတ်မှု ၁ ကြိမ်နှင့် ဓါးပြတိုက်လုယက်မှု ၃ ကြိမ်ကျုးလွန်ခဲ့ကြောင်း သိရှိရသည်။

တရားခံများကျုးလွန်ခဲ့သည့်ပြစ်မှုများမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် တရားခံ ဆန်းဝင်းသည် ဓားပြတိုက် လုယက်မှုပြုလုပ်ရန်အတွက် အမရပူရမြို့နယ်အတွင်း လိုက်လံကြည့်ရှုစဉ် ညောင်ပင်ကုန်းကျေးရွာ၊ (ဋ)ရပ်ကွက်၌ ရွှေဆွဲကြိုး၊ ရွှေလက်ကောက်များ ဝတ်ဆင်ထားသော ဒေါ်ခင်လတ် အား တွေ့ရှိ၍ ၎င်း၏နေအိမ်ကို ဓားပြတိုက် လုယက်ရန် ကြိုတင်သတ်မှတ်ထားရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဆန်းဝင်း ခေါင်းဆောင်၍ တင်စိုး(ခ) ရခိုင်၊ တင်စိုး၊ ကျော်တင်ဦး(ခ)ငပိန်၊ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် တမောင်း၊ ကျော်နိုင် တို့သည် ဒေါ်ခင်လတ် ၏ နေအိမ်အား ဝင်ရောက်ဓားပြတိုက်လုယက်ခဲ့ကြောင်း၊ ထိုသို့ ဓားပြတိုက် လုယက်နေစဉ် ဒေါ်ခင်လတ် ၏မောင်ဖြစ်သူ ဒုရဲမှူး ဝင်းမင်းသန့် ရောက်ရှိလာပြီး ၎င်းတို့အား လုံးထွေးသ-တ်ပုတ်ဖမ်းဆီးခဲ့သဖြင့် တရားခံ ဆန်းဝင်း မှ ပစ္စတိုဖြင့် ၃ ချက်ပစ်၍ လုပ်ကြံသ-တ်ဖြတ်ကာ နေအိမ်အတွင်းမှ  ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလက်ကောက် ၃ ကွင်း၊ ရွှေလက်စွပ် ၄ ကွင်း၊ ငွေကျပ်သိန်း ၃၀၀ နှင့် ဒုရဲမှူး ဝင်းမင်းသန့် ကိုင်ဆောင်သည့် ခြောက်လုံးပြူး ၁ လက်တို့အား ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့ကြောင်း၊ ဓားပြတိုက် လုယက်ယူဆောင်လာသည့် ရွှေထည်ပစ္စည်းများအား ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက် ရပ်ကွက်ရှိ “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေးဆိုင်”သို့ သွားရောက်၍ ငွေကျပ်သိန်း ၈၀ ဖြင့် ရောင်းချခဲ့ကြောင်း။ မတ်လ ၁၁ ရက်တွင် တရားခံ ဆန်းဝင်း သည် ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာ အနောက်ရပ်ကွက်၊ ၂၆ x ၂၇ လမ်းကြားရှိ “ဒေါ်တောမုန့်တီဆိုင်” သို့ ပါဆယ် သွားရောက်ဝယ်ယူစဉ် ဆိုင်ပိုင်ရှင်မှာ ရွှေဆွဲကြိုးအကြီး ၁ ကုံးနှင့် ရွှေလက်ကောက်များဝတ်ဆင်ထားသည်ကို တွေ့ရှိသဖြင့် ဓားပြတိုက်လုယက်ရန် ကြိုတင်သတ်မှတ်ထားရှိခဲ့ကြောင်း၊ မတ်လ ၁၂ ရက်တွင် တရားခံ ဆန်းဝင်းနှင့် ဖမ်းဆီးရန်ကျန် တရားခံ တမောင်း တို့သည် “ဒေါ်တောမုန့်တီဆိုင်” သို့ သွားရောက်၍ ဆိုင်ပိုင်ရှင် ဒေါ်မာလွင် အား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလက်ကောက် ၁ ကွင်းနှင့် ရွှေလက်စွပ် ၁ ကွင်းတို့အား ဓားပြတိုက်လုယက်ယူဆောင်ခဲ့ကြောင်း၊ ဓားပြတိုက် လုယက်ယူဆောင်လာ သည့် ရွှေထည်ပစ္စည်းများအား ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်ရှိ “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေ ရောင်းဝယ်ရေးဆိုင်” သို့ သွားရောက်၍ ငွေကျပ်သိန်း ၄၀ ဖြင့် ရောင်းချခဲ့ကြောင်း။ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဆန်းဝင်း သည် ဓားပြတိုက် လုယက် ယူဆောင်လာသည့် ရွှေထည်ပစ္စည်းများအား “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေ ရောင်းဝယ်ရေးဆိုင်”သို့ သွားရောက် ရောင်းချစဉ် ဆိုင်အတွင်း၌ ငွေစက္ကူများအား ဆာလာအိတ်ဖြင့် ထည့်ထားသည်ကို တွေ့ရှိခဲ့သဖြင့် ၎င်းဆိုင်အား ဓားပြတိုက်ရန် စီစဉ် ခဲ့ပြီး ဓားပြတိုက်လုယက်ရာတွင် အသုံးပြုရန် Nissan (အနက်ရောင်) လိုင်စင်မဲ့ယာဉ် ၁ စီးအား ဝယ်ယူခဲ့ကြောင်းနှင့် တရားခံ ကျော်တင်ဦး(ခ)ငပိန်သည် ရွှေဆိုင်ဝန်ထမ်းများ ငွေစက္ကူများသယ်ယူမည့်အချိန်ကို ကြိုတင်စောင့်ကြည့်လေ့လာ၍ ဓားပြတိုက်လုယက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့နောက် မတ်လ ၂၇  ရက် ညနေပိုင်းတွင် တရားခံ ဆန်းဝင်း၊ တင်စိုး (ခ)ရခိုင်၊ ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်သည့် တမောင်း၊ ကျော်နိုင် တို့သည် လက်နက်များ ကိုင်ဆောင်ကာ “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေ ရောင်းဝယ်ရေးဆိုင်”သို့ မော်တော်ယာဉ်ဖြင့် သွားရောက် ဓားပြတိုက်လုယက်ခဲ့ကြောင်း၊ ထိုသို့ ဓားပြတိုက်လုယက်စဉ် တင်စိုး(ခ)ရခိုင်မှ ၎င်းကိုင်ဆောင်လာသည့် ခြောက်လုံးပြူး သေနတ်ဖြင့် ၂ ချက် ပစ်ဖောက်ခဲ့ပြီး ဝန်ထမ်းများအား ထိုင်ခိုင်းကာ ငွေစက္ကူများ ထည့်ထားသည့် ဆာလာအိတ် ၄ အိတ်အား ကားပေါ်သို့ ပြောင်းရွှေ့တင်ဆောင်ကာ မောင်းနှင် ထွက်ပြေးခဲ့ကြောင်း၊ ၎င်းနောက် ငွေစက္ကူအိတ်များနှင့် ဓားပြတိုက်လုယက်ရာတွင် အသုံးပြုသည့် သေနတ် ၃ လက်တို့အား မြစ်ငယ်မြို့၊ ဓနုံးကျေးရွာရှိ ဖမ်းဆီးရန်ကျန်တရားခံ ကျော်နိုင် ၏ နေအိမ်နှင့် တရားခံ တင်စိုး(ခ)ရခိုင်၏ နေအိမ်တို့တွင် နေရာခွဲ၍ သိမ်းဆည်းထားခဲ့ ကြောင်း၊  ထို့အပြင် ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ဖယ်ခုံမြို့နယ်၊ လအိ ကျေးရွာနေ ဖမ်းဆီးရန်ကျန်တရားခံ မောင်ဆန်းမှ ရောင်းချရန်အတွက် ပို့ဆောင် ပေးထားခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖြစ်စဉ်တွင် ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သည့် တရားခံ ကျား ၄ ဦးအား Sigsauer ပစ္စတို ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ၉ မမကျည် ၄၃ တောင့်၊ ဓားပြတိုက်လုယက်မှုတွင် ပါရှိသွားသည့် ငွေကျပ် ၈၃၅ သိန်း ၊ ဘိန်းဖြူဟု ယူဆရသော ဖြူဝါရောင်မှုန့် ၂၂၈၀ ဂရမ်၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁၈၀,၀၀၀ ပြားနှင့် ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အချိန်နှင့်တစ်ပြေးညီမဆုတ်မနစ် ကြိုးပမ်းဖော်ထုတ်ခြင်း၊ တာဝန်သိပြည်သူ အချို့ကလည်း အချိန်နှင့်တစ်ပြေးညီသတင်းပေးပို့ပူးပေါင်းပါဝင်ခြင်းများကြောင့် ဓားပြတိုက် လုယက်ခဲ့သည့် ဖြစ်စဉ်အား ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ထုခွဲရောင်းချရာ၌ တရားမဝင်လက်ခံဝယ်ယူခဲ့သည့် “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေ ရောင်းဝယ်ရေးဆိုင်”ကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဓားပြတိုက်လုယက်မှုတွင် ပါဝင်ကျူးလွန်ခဲ့သည့် တရားခံပြေး ၂ ဦးကိုလည်း ဆက်လက်ဖော်ထုတ်၍ အမြန်ဆုံးဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#mtnews #Mandalay #မန္တလေး #Myanmar
#myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *