◾️အစ္စရေးပါဝင်မှုအပေါ် ဆန္ဒပြနေသည့် အင်ဒိုနီးရှားလူထုအား ထိန်းချုပ်နိုင်ရန် ဂျိုကိုဝီဒိုဒို ကြိုးပမ်းနေရ

၂၉. ၃. ၂၀၂၃
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံက လာမည့် မေလ ၂၀ ရက်မှ ဇွန်လ ၁၁ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည့် ယူ-၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအား အခြားနိုင်ငံများသို့ ပြောင်းရွှေ့ကျင်းပခြင်းမပြုရေးအတွက် နောက်ဆုံးကြိုးပမ်းမှုအဖြစ် အင်ဒိုနီးရှားအစိုးရကိုယ်စား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)သို့ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်(PSSI) ဥက္ကဋ္ဌ အီရစ်သိုဟာက ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့သို့ သွားရောက်တွေ့ဆုံနေကြောင်း သိရသည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုကလည်း ပြိုင်ပွဲတွင် အစ္စရေးအသင်းပါဝင်မှုအား အင်ဒိုနီးရှားနိုင်ငံအတွင်း ဆန့်ကျင်ဆန္ဒပြမှုများအပေါ်  အာဏာရပါတီအတွင်း ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။

ထိုဖြစ်ရပ်က အင်ဒိုနီးရှားနိုင်ငံ လက်ခံကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်လာသော အစ္စရေးနိုင်ငံအား လက်မခံရေးအတွက် အာဏာရပါတီဖြစ်သော Indonesian Dekocratic Party of Strugge (PDI-P) က အရှိန်သြဇာအာဏာသုံး၍ ဆောင်ရွက်လာရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၀ ရက်တွင် ပြိုင်ပွဲ၌ အစ္စရေးအသင်းပါဝင်မှုကို ဆန့်ကျင်ဆန္ဒပြပွဲများအား ဂျာကာတာမြို့၌ ပြုလုပ်ခဲ့ကြသည်။ အင်ဒိုနီးရှားအစိုးရက ပြိုင်ပွဲတွင် အစ္စရေးအသင်းပါဝင်နေမှုနှင့်ပတ်သက်၍ တောင်းဆိုချက်အချို့ကို FIFA သို့ တင်ပြခဲ့သည်။ သို့သော် FIFA က ထိုတောင်းဆိုချက်များကို ငြင်းပယ်ခဲ့ပြီး ပြိုင်ပွဲ၏ ပွဲစဉ်များရေးဆွဲထားမှုကို ဖျက်သိမ်းခဲ့သည်။

မတ်လ ၂၈ ရက်တွင်မူ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ဗီဒီယိုမှ မိန့်ခွန်းပြောခဲ့ရာတွင် ပြိုင်ပွဲ၌ အစ္စရေးအသင်းပါဝင်လာမှုက အင်ဒိုနီးရှားနိုင်ငံ၏ ပါလက်စတိုင်းတို့အား ထောက်ခံမှုကို ပြောင်းလဲစေမည်မဟုတ်ကြောင်း၊ နိုင်ငံရေးနှင့် ဘောလုံးအားကစားကို ခွဲခြားရှုမြင်ကြစေလိုကြောင်းပြောခဲ့သည်။ ထို့ပြင် ၎င်းက အင်ဒိုနီးရှားနိုင်ငံ၏ ပါလက်စတိုင်းတို့အပေါ် နိုင်ငံခြားရေးမူဝါဒက ပြောင်းလဲသွားမည်မဟုတ်ဘဲ ခိုင်မာစွာ ဆက်လက်ထောက်ခံနေမည်ဖြစ်ကြောင်း၊ သို့သော် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တွင် အဖွဲ့ဝင်နိုင်ငံများ လိုက်နာရမည့်စည်းကမ်းများရှိရာ အင်ဒိုနီးရှားသည်လည်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် လိုက်နာရမည်ဖြစ်ကြောင်း၊ သို့အတွက်လည်း နိုင်ငံရေးနှင့်အားကစား မရောထွေးစေလိုပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။

အကယ်၍သာ အင်ဒိုနီးရှားအနေနှင့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအား လက်ခံကျင်းပခွင့် ဆုံးရှုံးခဲ့ပါက ၎င်းအဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းများကို မလိုက်နာဘဲ နိုင်ငံရေးနှင့်အားကစားရောထွေးဆောင်ရွက်ခဲ့မှုကြောင့် FIFA မှ ချမှတ်သောပြစ်ဒဏ်များကိုပါ ကျခံရဖွယ်ရှိနေသည်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ပြိုင်ပွဲအား အာဂျင်တီးနားတွင် ပြောင်းရွှေ့ကျင်းပရန် စိတ်ဝင်စားနေကြောင်း သိရသကဲ့သို့ အင်ဒိုနီးရှားကလည်း ပြိုင်ပွဲအား မြို့ကြီးခြောက်မြို့ရှိ အားကစားကွင်းများတွင် တစ်ပြိုင်နက်တည်းကျင်းပသွားရန် ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။

Ref—–Jakarta Post

Leave a Reply

Your email address will not be published. Required fields are marked *