၂၇. ၃. ၂၀၂၃
Written by Phyo Wei

တိုင်းပြည်အတွက် စေတနာထားပြီး ဆောင်ရွက်ခဲ့တာကြောင့် နိုင်ငံရဲ့ဂျီဒီပီတွေတိုးတက်လာခဲ့တယ်လို့ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလာတဲ့ ဒီရက်သတ္တပတ်မှာ မြန်မာ့စီးပွားရေးနဲ့ ပတ်သက်ပြီး ထိခိုက်မှုဖြစ်နိုင်တဲ့အချက်အဖြစ်တော့ အမေရိကန်ဘဏ်အချို့က မြန်မာနိုင်ငံက ဘဏ်တွေနဲ့ ဒေါ်လာအရောင်းအဝယ်ပြုမှုကို ရပ်ဆိုင်းဖွယ်ရှိတယ်ဆိုတာကြောင့် ဒီလိုမျိုး ရပ်ဆိုင်းမှုမှာ မြန်မာလုပ်ငန်းရှင်တွေနဲ့ နိုင်ငံအထိမနာရအောင် အရင်တုန်းကလို အခက်အခဲတွေ ပြန်ကျော်ဖြတ်ဖို့ အားမွေးကြရဦးမဲ့ အခြေအနေပါ။ တစ်ဖက်မှာလည်း အမေရိကန်ဘဏ်တွေ ပြိုလဲမှုကြောင့် ကမ္ဘာ့ရွှေစျေးမြင့်တက်လာတာကို အရင်စျေးဆွဲတင်ခဲ့ချိန်က ပိုက်ဘောမိခဲ့သူတွေက အချိန်ကိုက် စျေးဆွဲတင်ဖို့ ကောလာဟလတွေ လွှင့်ထုတ်ခဲ့တာကြောင့် ဗဟိုဘဏ်က ဝင်ထိန်းခဲ့ရတဲ့ ဒီရက်သတ္တပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်လမ်းကြောင်းကို ဖြတ်တောက်တဲ့တိုက်ပွဲဆင်နွှဲမှုအကြောင်း ၊ လျှပ်စစ်ဓာတ်အားခိုးသုံးသူတွေကို ထောင် ၁၀ နှစ်အထိ ချနိုင်တဲ့ ဥပဒေနဲ့ အရေးယူမယ်ဆိုတဲ့အကြောင်းနဲ့ စီးပွားရေးလွတ်လပ်ခွင့်မှာ မြန်မာနိုင်ငံက အဆင့်အနိမ့်ဆုံးထဲ ပါဝင်နေတယ်ဆိုတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

“မြဝတီကုန်သွယ်ရေးဇုန်ကို ဖြတ်တောက်တဲ့တိုက်ပွဲ”

တစ်နှစ်ကို အပြန်အလှန်တရားဝင်ကုန်သွယ်မှု ဒေါ်လာ ၂ ဘီလျံလောက် ကုန်သွယ်ပြီး မြန်မာဘက်က ပို့ကုန်တင်ပို့မှုများပြားလို့ ကုန်သွယ်မှုပိုငွေရနေတဲ့ မြဝတီ- မဲဆောက် ကုန်သွယ်မှုလမ်းကြောင်းဟာ မတ်လ ၂၅ ရက်က စတင်လာတဲ့ တိုက်ပွဲတွေကြောင့်ပဲ ယာယီပြတ်တောက်သွားပါတယ်။ ဒီတိုက်ပွဲမှာ နိုင်ငံပိုင်ပို့ကုန်ရုံး မီးရှို့ဖျက်ဆီးကြတဲ့အပြင် အကောက်ခွန်ဝန်ထမ်းတွေ အရပ်သားတွေနဲ့ တိုက်ပွဲမှာကျဆုံးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း သတ်ဖြတ်မီးရှို့သွားတဲ့ အရုပ်ဆိုးအကျည်းတန်တဲ့ဖြစ်စဉ်တွေ ဖြစ်ခဲ့သလို နိုင်ငံပိုင်လမ်းတွေကို ဖောက်ခွဲဖျက်ဆီးတာ၊ ကျုံဒိုးမြို့နဲ့ ကော့ကရိတ်မြို့တွင်းကို ဗုံးခွဲဖျက်ဆီးတာ စတဲ့ရုပ်ပျက်ဆင်းပျက် ပြစ်မှုတွေလည်း ကျုးလွန်ခဲ့ကြပါသေးတယ်။

တကယ်တော့ ဒီဖြစ်ရပ်ဟာ NUG၊ PDF နဲ့ KNU ပူးပေါင်းအဖွဲ့တွေဟာ မဲဆောက်ဘက်မှာ သူတို့ကို လိုက်ဖမ်းနေတဲ့ ထိုင်းအစိုးရကို တုံ့ပြန်ချင်တာက အဓိကရည်ရွယ်ချက်ဖြစ်နိုင်ပါတယ်။ မတ်လ ၂၀ မှာ NUG က ဦးတင်ထွန်းနိုင်တို့အုပ်စုဟာ ထိုင်းက အများပိုင်ကုမ္ပဏီ PTT ကို တရားစွဲမယ်လို့ ကြေညာလိုက်ချိန်မှာ သူတို့ကိုယ်တိုင်က PTT ဟာ ထိုင်းအစိုးရပိုင်တယ်လို့ သိပုံမရပါဘူး။

ဒီတော့ ထိုင်းကလည်း သူ့နိုင်ငံထဲ ပြေးပုန်းခိုကပ်နေပြီး သူ့ကိုတရားစွဲမယ်ဆိုတဲ့ NUG နဲ့ PDF တွေကို ဓာတ်ပုံပြပြီးလိုက်ဖမ်းရာက အကုန် မြန်မာတောဘက်ထဲ ပြန်ပြေးလာရတာကြောင့် ထိုင်းအစိုးရကိုလည်း အခက်ကြုံအောင်၊ မြန်မာအစိုးရလည်း ထိခိုက်အောင် မြဝတီကုန်သွယ်ရေးဇုန်ကို ပစ်မှတ်ထားလိုက်တဲ့သဘောပါ။ ဒီလုပ်ရပ်ကြောင့် ထိုင်းဘက်မှာလည်း ကုန်သွယ်မှုတွေရပ်သွားပြီး ခရီးသွားတွေပါ ပိတ်မိကုန်ပါတယ်။ ဒါ့အပြင် ဒီတစ်ခေါက် NUG၊ PDF နဲ့ KNU ပူးပေါင်းအဖွဲ့တွေဟာ သူတို့ဆက်ကြေးကောက်နေတဲ့ တရားမဝင်ဂိတ်တွေကိုပါ ပိတ်ချလိုက်ပြီး မြဝတီနယ်စပ် ကုန်သွယ်မှုလမ်းကြောင်းတစ်ခုလုံးကို တရားဝင်လမ်းကြောင်းရော တရားမဝင်လမ်းကြောင်းကိုပါ ဖြတ်တောက် ဖျက်ဆီးလိုက်တဲ့လုပ်ရပ်ကလည်း ထိုင်းအစိုးရကို ငါတို့လာဖမ်းရင် မင်းတို့ မဲဆောက်ကလူတွေ ကုန်သွယ်လို့မရတော့ဘူးဆိုတာ မြင်လားလို့ နားရွက်တံတွေးဆွတ်ပြသလိုပါပဲ။ ဒါပေမဲ့ လက်ရှိမှာတော့ မြဝတီကို မှီခိုနေတဲ့ ကရင်ပြည်သူလူထုနဲ့ ဒီနယ်စပ်ကုန်သွယ်ရေးစခန်းကို မှီခိုနေရတဲ့ မြန်မာပြည်သူလူထုရဲ့ ၇၀ ရာခိုင်နှုန်းကတော့ အခက်ကြုံနေပါပြီ။

“လျှပ်စစ်ဓာတ်အားခိုးသုံးသူတွေကို ထောင် ၁၀ နှစ်အထိ ချနိုင်တဲ့ ဥပဒေနနဲ့ အရေးယူမဲ့အခြေအနေ”

NUG၊ PDF နဲ့ EAOs တွေက လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ တာဝါတိုင်တွေ၊ မဟာဓာတ်အားလိုင်းတွေကို မီးရှို့ဖျက်ဆီးတဲ့အခါ အားရဝမ်းသာဖြစ်နေတဲ့ သူတွေက မီးပျက်တဲ့အခါမှာလည်း မချိတင်ကဲ ဆဲဆိုနေကြတာလည်း သူတို့ထိပ်ဆုံးကပါပဲ။ ပိုဆိုးတာက ကိုယ်သုံးတဲ့ လျှပ်စစ်အခတောင် မပေးချင်ကြလို့ မီတာတွေဖြုတ်တော့လည်း ခိုးသုံးကြနဲ့ အစိုးရတစ်ရပ် မကျေနပ်ချက်ကို ခိုးဝှက်ဖျက်ဆီးပြီး တော်လှန်နေကြတာဟာ အမြင်မတော် ဆင်တော်နဲ့ ခလောက်ပါ။ ဒါ့အပြင်လည်း နိုင်ငံတော်အတွက် ငွေကြေးနစ်နာမှုတွေအပြင်၊ စီးပွားရေးလုပ်ငန်းတွေ မလည်ပတ်နိုင်မှု၊ ကုန်စည်တွေ စျေးနှုန်းမြင့်တက်လာပြီး ကျပ်တည်းနေတဲ့ ပြည်သူလူထုကပဲ စျေးကြီးပေးပြီး ဝယ်ယူစားသုံးနေရမှု တရားခံတွေကလည်း ဒီမီးသူခိုးတွေနဲ့ မဟာဓာတ်အားလိုင်းတွေ ဖျက်ဆီးတိုက်ခိုက်နေသူတွေက ထိပ်ဆုံးတရားခံလို့ ပြောရမှာပါ။

လက်ရှိမှာတော့ နည်းမျိုးစုံနဲ့ မီးခိုးသုံးသူတွေကို မြို့နယ်အလိုက် လိုက်လံစစ်ဆေးပြီး ခိုးသုံးတာမိရင် ငွေဒဏ်အပြင် ထောင်ငါးနှစ်ကနေ ၁၀ နှစ်အထိ ချလို့ရတဲ့ ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မ ၅၂၊ ၅၃ အရ အမှုဖွင့်အရေးယူတော့မှာဖြစ်ပါတယ်။ နိုင်ငံပိုင်ပစ္စည်းတွေကို အခွန်အခမဆောင်ချင်ဘဲ ခိုးယူသုံးစွဲနေပြီး မီးပြတ်တော့လည်း ထိပ်ဆုံးကနေ အသုံးမကျဘူးဆဲ၊ အချိန်များစွာပေးပြီးတည်ဆောက်ထားရသလို နိုင်ငံ့လူဦးရေ သန်း ၄၀ လောက်မှီတည်နေရတဲ့ ဓာတ်အားလိုင်းတွေ ဖျက်ဆီးမီးရှို့ခံရရင်လည်း ဝမ်းသာအားရဖြစ်နေတဲ့ မီးခိုးသုံးသူတွေကို ဒီလိုမျိုး အရေးယူမယ်ဆိုတာ မှန်ကန်တဲ့လုပ်ရပ်ပါ။ ထိရောက်စွာအရေးယူနိုင်ပါစေလို့ တိုက်တွန်းရမှာပါ။

“စီးပွားရေးလွတ်လပ်ခွင့်မှာ အဆင့်အနိမ့်ဆုံးထဲက မြန်မာ”

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တမ်းထုတ်ခဲ့တဲ့ အမေရိကန်အခြေစိုက် The Heritage Foundation နဲ့ The Wall Street Journal တို့ရဲ့ ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၁၈၄ နိုင်ငံကို လေ့လာစောင့်ကြည့်ပြီး အမှတ်ပေး အဆင့်သတ်မှတ်ခဲ့တဲ့ နိုင်ငံတွေထဲမှာ စီးပွားရေးလွတ်လပ်ခွင့် Economic Freedom အညွှန်းကိန်းအဆင့်သတ်မှတ်ချက်မှာ မြန်မာနိုင်ငံက စုစုပေါင်း ရမှတ် ၄၆ ဒသမ ၅ မှတ်ရရှိခဲ့ပြီး အဆင့် ၁၆၂ နေရာရပ်တည်ခဲ့သလို ပြီးခဲ့တဲ့ နှစ်ကနဲ့ ယှဉ်ရင်လည်း ရမှတ် ၃ ဒသမ ၁ မှတ် လျော့နည်းခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွက် ကမ္ဘာစီးပွားရေးလွတ်လပ်ခွင့်အညွှန်းကိန်းအဆင့်သတ်မှတ်ချက်မှာ မြန်မာနိုင်ငံရဲ့ အဆင့်ဟာ အာရှ-ပစိဖိတ်ဒေသအတွင်းက နိုင်ငံပေါင်း ၃၉ နိုင်ငံထဲ အဆင့် ၃၈ နေရာမှာ ရပ်တည်နေတဲ့အပြင် စီးပွားရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လို မြန်မာနိုင်ငံရဲ့ စုစုပေါင်းရမှတ်ဟာ အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာလည်း အနည်းဆုံးဖြစ်နေခဲ့တာပါ။

NLD အစိုးရဟောင်းအပါအဝင် အစိုးရအဆက်ဆက် ကမ္ဘာ့ဘဏ်အုပ်စုရဲ့ Doing Business မှာ ဘယ်တုန်းကမှ ၁၆၀ အောက် မရောက်ဖူးတဲ့ မြန်မာနိုင်ငံအတွက် လက်ရှိကာလလို ပြည်တွင်းမှာ တိုက်ခိုက်ဖျက်ဆီးမှုတွေ၊ ပြည်ပဖိအားတွေ ကြုံနေရချိန်မှာ စီးပွားရေးလုပ်ရကိုင်ရလွတ်လပ်ခွင့်မှာ အဆင့်အနိမ့်ဆုံးထဲ မြန်မာနိုင်ငံရောက်နေတာ မဆန်းဘူးလို့ ပြောရမှာပါ။ ဒါပေမဲ့လည်း ဒီလိုမျိုး ညွှန်းကိန်းတွေဟာ FDI ဝင်ရောက်လိုတဲ့ လုပ်ငန်းတွေက အမြဲဆန်းစစ်စောင့်ကြည့်ပြီး သူတို့အတွက် လုပ်သာကိုင်သာမရှိရင် မဝင်ဘဲနဲ့ ကမ္ဘောဒီးယားလို၊ လာအိုလို၊ ဗီယက်နမ်လို၊ ထိုင်းလို စတဲ့နိုင်ငံတွေဆီ သွားရောက်မြှုပ်နှံတဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးတက်စေချင်တယ်ဆိုရင်တော့ ဒီလိုမျိုး စီးပွားရေးလွတ်လပ်ခွင့်ညွှန်းကိန်းတွေ ပြန်တက်ဖို့အတွက် မလိုအပ်တဲ့ကြိုးနီစနစ်တွေ၊ အဂတိလိုက်စားမှုတွေ၊ မလိုအပ်ဘဲ မြေစျေးနှုန်းအရမ်းမြင့်တက်နေတာတွေကို ထိန်းကျောင်းနိုင်ဖို့ ပြင်ဆင်ရမှာပါလို့ အကြံပြုရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *