၂၇. ၃. ၂၀၂၃

Written by Naing Thuta

မတ်လ ၂၇ ရက်၊ မွန်းလွဲပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် ငါးလုံး မီးထဲပါသွားကာ မီးဝိုင်းငြိမ်းသတ်ပေးသည့်အမျိုးသား နှစ်ဦး ဒဏ်ရာအနည်းငယ်ရသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၆ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်( ၄၀)၊ ၇၃ (A) လမ်းနှင့်၇၆လမ်းကြား၊ ၁ လမ်းနှင့် ၂ လမ်းကြား (မန္တလေးတိုင်းရင်းဆေးရုံအနောက်ဘက်၊ အမက ၃၁ ရှေ့၊ အိုးဘိုထောင်၏အနောက်ဘက်)ရှိ အသက် ၅၃ နှစ်အရွယ်မဟာမြတ်မုနိဘုရားကြီးဂေါပက၊ စီမံဌာနမှူး ဦး…………၏နေအိမ်(၁၅ ပေ× ၂၅ ပေ)မှစတင်၍မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ငါးလုံးမီးထဲပါသွားကာ ရပ်ကွက်နေလူလတ်ပိုင်းအမျိုးသား နှစ်ဦးသည်လည်း မီးဝိုင်းငြိမ်းသတ်ပေးစဉ်အနည်းငယ်စီဒဏ်ရာရသွားသဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

“မီးစတင်လောင်တာကတော့ ယောကျ်ားကဘုရားကြီးမှာ ဂေါပကလုပ်နေပြီး မိန်းမဖြစ်သူက မူလတန်းဆရာမကြီး အိမ်က မီးစလောင်တာပဲ။ သူတို့အိမ်မှာမိသားစု ၄ ယောက်ပဲရှိပြီး မနက် ၈ နာရီကျော်တာနဲ့ လူကြီးတွေက အလုပ်ကိုယ်စီသွားကြတယ်။ အိမ်မှာ ၁၄ နှစ်အရွယ်ကောင်လေးပဲကျန်ခဲ့ပြီး မီးလောင်တော့ အဲ့ကလေးလည်းမရှိဘူး သွားကစားနေတာ။ ဘယ်လိုကနေစလောင်လည်းတော့ မသိပေမဲ့ မီးက ၁၂ နာရီထိုးပြီးမှလာတာဆိုတော့ မီးလာပြီးမကြာဘူး ၅ မိနစ်လောက်ကျတော့စလောင်တာဖြစ်လို့ ဝါယာရှော့ပဲဖြစ်နိုင်တယ်။ မီးလာကူငြိမ်းပေးတဲ့ လူငယ် ၂ ယောက်တော့ အနည်းငယ်ဒဏ်ရာရသွားသေးလို့ ဆေးရုံပို့လိုက်တယ်။ အသက်အန္တရာယ်တော့မရှိပါဘူး” ဟု အိမ်နီးချင်းနေထိုင်သူအမျိုးသမီးတစ်ဦးက MT Newsသို့ ပြောသည်။

အဆိုပါမီးလောင်ကျွမ်းရာသို့ တိုင်းမီးသတ်ဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးစီးသည့် မီးသတ်သန္ဓေ ၄၃ ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၆၀ ဦးနှင့်ဒေသခံလူမှုကူညီရေးအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၊ မီးသတ်ယာဉ် ၁၅ စီး၊ ရေသယ်ယာဉ် ငါးစီး၊ အုပ်ချုပ်မှုယာဉ် သုံးစီးတို့ဖြင့် မီးဝိုင်းငြိမ်းသတ်ခဲ့ကြရာ ၁၂ နာရီ ၁၃ မိနစ်တွင် မီးညွှန့်ကျိုးကာ မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ ၂၂ မိနစ်တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုထဲသို့ သွပ်မိုးထရံကာထားသည့် နှစ်ထပ်အိမ် လေးလုံး၊ မြေစိုက်သွပ်မိုးထရံကာထားသော နေအိမ်တစ်လုံးတို့ မီးထဲပါသွားကာ ဆုံးရှုံးမှုမှာ ကျပ် ၉,၇၀၀,၀၀၀ ခန့်ဖြစ်ပြီး မီးစတင်လောင် ကျွမ်းရသောအကြောင်းရင်းများကိုလည်း တာဝန်ရှိသူများကရှာဖွေစစ်ဆေးနေဆဲဖြစ်ကြောင်းနှင့် မီးပေါ့ဆစွာအသုံးပြုခဲ့သူအား ဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေးလုပ်ဆောင်နေကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News