၁၄.၁၀.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန် ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံး သတင်းပြန်ကြား ရေးအရာရှိ ကလယ်ရီ ကတ်စထရိုက အောက်တိုဘာလ ၁၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ကတ်စထရိုက “အတည်ပြုပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ကျွန်မဆီကနေ ရရှိမှာ မဟုတ်ပါဘူး” ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ထရမ့်ပ်၏ ခရီးစဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ကြေညာခြင်းလည်း မရှိသေးပေ။
အဆိုပါ ဒေသတွင်းအဖွဲ့အစည်း၏ ထိပ်သီးအစည်းအဝေးသို့ ထရမ့်ပ် တက်ရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ယခင်ကတည်းကပင် အတည်ပြုထားပြီး ဖြစ်သည်ဟုလည်းဆိုသည်။
နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသည် အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များနှင့် ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးဖက် မိတ်ဖက်နိုင်ငံများမှ ခေါင်းဆောင်များ စုဝေးကာ ဒေသတွင်းလုံခြုံရေး၊ စီးပွားရေး ပေါင်းစည်းမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ဆွေးနွေးကြမည့် အဆင့်မြင့် သံတမန်ရေးရာ ညီလာခံတစ်ခု ဖြစ်သည်။
ထရမ့်ပ်၏ ခရီးစဉ်အတွင်း အများဆုံး စောင့်ကြည့်ရမည့် ကိစ္စရပ်တစ်ခုမှာ ဉာဏ်ရည်တုနည်းပညာကို အဓိကထားသည့် အငြင်းပွားဖွယ်ရာ Pax Silica စီမံကိန်းအတွက် မူဘောင်သဘောတူညီချက်ကို ဖိလစ်ပိုင်နှင့် အမေရိကန်တို့က တရားဝင် လက်မှတ်ရေးထိုးကြမည်လော ဆိုသည့်အချက် ဖြစ်သည်။
စစ်အခြေစိုက်စခန်းများ ပြောင်းလဲအသုံးပြုရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့သည် နယူးကလပ်စီတီးရှိ ဟက်တာ ၁,၆၂၀ ကျယ်ဝန်းသော ခေတ်မီကုန်ထုတ်လုပ်မှုဆိုင်ရာဥယျာဉ် အသုံးပြုမှုဆိုင်ရာ ဥပဒေမူဘောင်ကိုလည်း သမ္မတမားကို့စ်ထံ တင်ပြထားပြီး ဖြစ်သည်။
Pax Silica စီမံကိန်းနှင့်ပတ်သက်၍ အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်သော်လည်း လုံခြုံရေးဆိုင်ရာ ပြင်ဆင်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ကတ်စထရိုက စက်တင်ဘာလတွင် ပြည်သူလူထုအား အာမခံပြောကြားခဲ့သည်။
အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင် သမ္မတမားကို့စ်၊ အမေရိကန် သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နှင့် အခြားခေါင်းဆောင်များသည် တရုတ်နိုင်ငံ၊ ရှင်ကျန်းမြို့၌ နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ သီးခြားစီ ခရီးဆက်ကြမည် ဖြစ်သည်။
Ref: inquirernet
