၁၄.၁၀.၂၀၂၆
Written By Thandar
၄၉ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အောက်တိုဘာ ၁၃ ရက် နေ့လယ် ၁ နာရီက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံမှာ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတနဲ့ ဇနီးဒေါ်ကြူကြူလှ မိသားစုက အလှူငွေကျပ် သိန်း ၁၀၀ ကို ပါဝင်လှူဒါန်းခဲ့ပါတယ်။
“မြန်မာ့ယဉ်ကျေးမှုအစဉ်အလာမှာ မြေတောင်မြှောက်ပေးခဲ့ကြတဲ့ ပညာအလင်းပြပေးကြတဲ့ သင်ဆရာ မြင်ဆရာ၊ ကြားဆရာတွေကို ဂုဏ်သိက္ခာအားဖြင့်လည်းကောင်း ရိုသေမြတ်နိုး မင်္ဂလာတရားတော်နဲ့အညီ ရုပ်ရှင်လောကရဲ့ သမိုင်းခရီးတစ်လျှောက်မှာ ကိုယ်စွမ်းဉာဏ်စွမ်း အနုပညာစွမ်းတွေနဲ့ စံနမူနာပြ သယ်ပိုးဆောင် ရွက်ခဲ့ကြတဲ့ သက်ကြီးအနုပညာရှင်ကြီးတွေကို ၄၉ ကြိမ်မြောက် ပူဇော်ကန်တော့ခွင့်ရခြင်းဟာ အလွန်ကျက် သရေမင်္ဂလာရှိတဲ့ သမိုင်းစဉ်ဆက် ဓလေ့ထုံးစံဖြစ်ပါတယ်။ ခုလို သက်ကြီး ကန်တော့ခံတွေဟာ နှလုံးရည်နဲ့ပြည့်ဝကြရုံသာမကဘဲ အနုပညာကျင့်ဝတ်ဂုဏ်သိက္ခာကိုစောင့်ထိန်းပြီး မျိုးဆက်သစ်တွေကို လမ်းပြပေးခဲ့သူတွေလည်းဖြစ်ပါတယ်။ လေးစားအတုယူစရာ အနုပညာရှင်တွေရဲ့ ကြိုးစားမှုတွေကို စာပေနဲ့ ခုလို ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ သမိုင်းမှတ်တမ်းတင်ရုံသာမကဘဲ နောင်လာနောက်သားတွေရဲ့ ရင်ထဲမှာ အစ်ဉ်အမြဲလေးစားတန်ဖိုးထား ဂုဏ်ယူကြဖို့ ပြောချင်ပါတယ်”လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးနဲ့ဇနီး ဒေါ်ကြူ ကြူလှမိသားစုက အလှူငွေကျပ်သိန်း ၁၀၀ ကို ဒုတိယဝန်ကြီးကနေ တစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ငွေကျပ်သိန်း ၃၀၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ်သိန်း ၁၅၀၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟို)နဲ့ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က ငွေကျပ် ၁၅ သိန်း၊ Hey Play App မိသားစုက ငွေကျပ် သိန်း ၄၅၀၊ Forever Group (MRTV-4) က ငွေကျပ် ၁၀၄ သိန်း၊ Sky Net မိသားစုမှ ငွေကျပ် ၆၅ သိန်း၊ မင်္ဂလာရုပ်ရှင်မိသားစုက ငွေကျပ် ၃၉ သိန်း၊ CB Bank က ငွေကျပ်သိန်း ၃၀၀၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ငွေကျပ် ၃၉ သိန်းနဲ့ သရုပ်ဆောင် မြတ်ရတနာကျော်က ငွေကျပ်သိန်း ၅၀ တို့ကို ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ရုပ်ရှင်သက်ကြီးပူဇော်ပွဲကိုတော့ အနုပညာရှင်တွေဖြစ်တဲ့ ရန်အောင်၊ နေတိုး၊ ခန့်စည်သူ၊ ထွန်းထွန်း၊ သူထူးစံ၊ ဟိန်းဝေယံ၊ အလင်းရောင်၊ တိုင်ရွန်၊ စည်သူဝင်း၊ မေသန်းနု၊ စိုးမိုးကြည်၊ စုလှိုင်နှင်း၊ ဆုပန်ထွာ၊ လင်းဇာနည်ဇော်၊ ဝါဝါအောင်၊ ဖူးစုံ၊ ချောရတနာ၊ စိုးပြည်သဇင်၊ မြတ်သူသူ၊ ခင်ဝင့်ဝါ၊ ဝင့်ယမုံနိုင်၊ နောဖော အယ်ထား၊ မြတ်ရတနာကျော် စတဲ့သူတွေ တက်ရောက်ဂါဝရပြုကန်တော့ခဲ့ရာ ကန်တော့ခံရုပ်ရှင်သက်ကြီး ပညာရှင်ဒေါ်မြင့်မြင့်ခင်က ဆုတောင်းမေတ္တာစကား ပြန်လည်ပြောဆိုခဲ့ပါတယ်။
ယခုနှစ် ရုပ်ရှင်သက်ကြီးကန်တော့ခံအနေနဲ့ ဦးထွန်းထွန်းဝင်း၊ ပန်းချီစိုးမိုး၊ ဦးဇော်မှိုင်း၊ ဦးနှင်းမိုး၊ ဦးဌေးအောင်၊ ဦးအောင်လွင်၊ ဦးနေအောင်၊ ဒေါ်ခင်လေးဆွေ၊ ဦးစိုင်းအောင်တင့်၊ ဦးမောင်ဝင်း၊ သရဲကြီးဦးမြင့်သိန်း၊ ဦးထွန်းကျော်၊ ဦးကျင်ဝှက်၊ ဒေါ်မြင့်မြင့်ခင်၊ ဒေါ်နွဲ့နွဲ့စန်း၊ ဒေါ်မြင့်မြင့်ခိုင်၊ ဒေါ်ချိုပြုံး၊ ဒေါ်သင်းသင်းလဲ့၊ ဒေါ်ထားထားနွယ်၊ ဒေါ်ဝါဝါဝင်းရွှေ စတဲ့ အယောက် ၁၃၀ ကျော်ရှိပြီး တစ်ဦးလျှင် ကျပ် ၇ သိန်းနီးပါးအပြင် ဆေးဝါးအသုံး အဆောင်ပစ္စည်းအမျိုးအစား ၅၀ နီးပါးကို ပူဇော်ကန်တော့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ #ဦးကြည်စိုးထွန်း #ရုပ်ရှင်သက်ကြီးပူဇော်ပွဲ #UKyiSoeTun #UAyeKyuLay #MMPA #၄၉ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲ #ရုပ်ရှင်သက်ကြီးပညာရှင် #မြန်မာ့ရုပ်ရှင့်နေ့ #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး #MTEntertainment
