၁၄.၁၀.၂၀၂၆
Translated by Htwe Ko Tun
ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းရှိ နိုင်ငံပိုင်ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီး Aramco ကုမ္ပဏီပိုင် အဆောက်အအုံတစ်ခု တိုက်ခိုက်ခံရမှုကြောင့် မီးလောင်ကျွမ်းမှု အနည်းငယ် ဖြစ်ပွားခဲ့ပြီး ဟူသီတို့ ပစ်ခတ်ခဲ့သော ဒုံးကျည်များကို ကြားဖြတ်ဖျက်ဆီးရာမှ ပြုတ်ကျလာသည့် အပိုင်းအစများကြောင့် မြို့တော် ရီယာ့ဒ်တွင် လူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆော်ဒီအာရေဗျက ပြောကြားခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။
ဒါရမ်မြို့ရှိ ရေနံကုမ္ပဏီကြီး Aramco ပိုင် အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံတစ်ခုသည် အောက်တိုဘာလ ၁၃ ရက်ညနေပိုင်းတွင် တိုက်ခိုက်ခံခဲ့ရပြီး မီးလောင်ကျွမ်းမှု အနည်းငယ် ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူ မရှိခဲ့ကြောင်း ဆော်ဒီစွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဟူသီတို့ ပစ်ခတ်ခဲ့သော ခရုဇ် ဒုံးကျည်နှစ်စင်းကို ကြားဖြတ်ဖျက်ဆီးရာမှ ပြုတ်ကျလာသည့် အပိုင်းအစများကြောင့် မြို့တော်ရီယာ့ဒ်တွင် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးနှင့် ကလေးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၅ လုံး ပျက်စီးခဲ့ရကြောင်း ဆော်ဒီနိုင်ငံ၏ အရပ်ဘက် ကာကွယ်ရေး အေဂျင်စီက ပြောကြားခဲ့သည်။
နှစ်ပေါင်းများစွာအတွင်း ဆော်ဒီနိုင်ငံပိုင်နက်နယ်မြေကို အပြင်းထန်ဆုံးသော တိုက်ခိုက်မှုအား တုံ့ပြန်သည့်အနေဖြင့် ညွန့်ပေါင်းတပ်ဖွဲ့က အောက်တိုဘာလ ၁၃ ရက်အစောပိုင်းတွင် ယီမင်နိုင်ငံ အနောက်ပိုင်းတစ်လျှောက်ရှိ ရေနံစက်ရုံများကို တိုက်ခိုက်ခဲ့သည်။
ယီမင်နိုင်ငံ မြို့တော် ဆာနာနှင့် အနောက်ပိုင်းပြည်နယ်များဖြစ်သော ဒါမာနှင့် ဆတ်ဒါတို့တွင် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများသည် ဟူသီတို့၏ စစ်ရေးလှုပ်ရှားမှုများကို ထောက်ပံ့ပေးနေသည့် နေရာများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ထိုနေရာများသည် ဟူသီတို့က ဆော်ဒီနိုင်ငံ၊ ယီမင်နိုင်ငံ၊ ပင်လယ်နီ တောင်ပိုင်းနှင့် ရေကြောင်းလမ်းကြောင်းများကို ခြိမ်းခြောက်ရန် အသုံးပြုနေသည့် နေရာများဖြစ်ကြောင်း ညွန့်ပေါင်းတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တာကီ အယ်လ် မာလီကီက X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ထို့နောက် ဆော်ဒီမြို့တော်တွင် ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး “ရီယာ့ဒ်မြို့သည် ရန်လိုသော လေကြောင်းခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်” ဟူသော သတိပေးချက်ကို ဒေသခံများ၏ ဖုန်းများသို့ ပေးပို့ခဲ့သည်။
ရီယာ့ဒ်မြို့ရှိ လမ်းမကြီးတစ်ခုပေါ်တွင် လျှောက်သွားနေစဉ် ဈေးဝယ်စင်တာတစ်ခုအထက် ကောင်းကင်ယံကို ဖြတ်သန်းသွားသော ဒုံးကျည်တစ်စင်းကို မြင်တွေ့ခဲ့ရကြောင်း မျက်မြင်သက်သေတစ်ဦးက AFP သို့ ပြောကြားခဲ့ပြီး ထိုဒုံးကျည်သည် “အဝါရောင်အလင်းတန်းနှင့် မီးခိုးတန်းတို့ကို ချန်ရစ်ခဲ့ပြီးနောက် ပေါက်ကွဲသံကို ကြားခဲ့ရသည်” ဟု၎င်းက ဆိုသည်။
“လူတွေက တည်ငြိမ်နေကြပြီး ဘယ်သူမှ စကားမပြောကြပါဘူး။ ကျွန်တော်တို့ ကြောက်လန့်နေကြပြီး အားလုံးက ကောင်းကင်ကို မော့ကြည့်နေခဲ့ကြတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ကာ အမည်မဖော်လိုကြောင်း ပြောကြားခဲ့သည်။
Ref-Dawn
