၈.၉.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၈ ရက်က တစ်ရက်တာအတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ယနေ့ နံနက်ကူးစ ၂ နာရီ ၁၈ မိနစ်ခန့်က လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်းတွင် ဟောင်းနွမ်းဆွေးမြေ့သော ဝါယာကြိုးများ အပူလွန်ကဲရာမှ ဂိုဒေါင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဖိနပ်မိုအဟောင်းနှင့် ပိတ်ဖြတ်စအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။





မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၄ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၈ မိနစ်အကြာတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၃ နာရီ ၅၂ မိနစ်ခန့်က လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၃) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် နဝဒေးလမ်းထောင့်ရှိ သွပ်မိုး၊ အုတ်ကာ၊ ပျဥ်ခင်း နှစ်ထပ် နေအိမ် မျက်နှာကြက်တွင် တပ်ဆင်ထားသော ပန်ကာအပူလွန်ကဲရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာနေအိမ်အပေါ်ထပ်နှင့် အတွင်းပစ္စည်းများ မီးလောင်ခဲ့ကြောင်း သိရသည်။
မိနစ် ၃၀ ကြာလောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၄ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကြီးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
