၈.၉.၂၀၂၆
Written by KL
ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟိုဆိုင်ကျေးရွာ၊ ဆိုင်းလျှံနယ်မြေအတွင်း ယနေ့ စက်တင်ဘာ ၈ ရက် နံနက် ၇ နာရီခန့်က တောင်စောင်းမြေများပြိုကျခဲ့ပြီး လူနေအိမ်၂ လုံးပေါ် ပိမိရာမှ မိသားစုဝင် သုံးဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။
မြေပြိုမှုကြောင့် မြေကြီးပိမိနေသူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး နံနက် ၇ နာရီခွဲတွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုလည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် အမျိုးသားနှစ်ဦး၏ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ရာအမျိုးသမီးတစ်ဦးမှာ အလောင်းမတွေ့ဘဲ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။




မြေပြိုမှုကြောင့် နေအိမ်၂ လုံးပိမိ၍ လူသေဆုံးမှုကို လွိုင်ဆောင်ထောက်အရန်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဒေသခံများက ဝိုင်းဝန်းရှာဖွေခဲ့ကြပြီးပျောက်ဆုံးနေသော အမျိုးသမီးတစ်ဦးကိုလည်း ဆက်လက်ရှာဖွေနေကြောင်း သိရသည်။
သေဆုံးသော အမျိုးသားသုံးဦးကို မိုင်းရှူးမြို့နယ်၊ လွိုင်ဆောင်ထောက် တိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ ဟိုဆိုင်ကျေးရွာအုပ်စု ပါနိမ့်ကျေးရွာနှင့် ခုံလုံကျေးရွာကြားတွင် သြဂုတ်လ ၃၁ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမြေသားအမြင့် ၂၅ ပေခန့်၊ အလျား ၁၀ ပေခန့် ကျွံ့ကျကာ ပျက်စီးခဲ့ကြောင်း သိရသည်။
သြဂုတ်လအတွင်းကလည်း မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများကြောင့် မြေပြိုကျမှုဖြစ်ပွားကာ နေအိမ် ၃၀ ခန့် ပြိုကျပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
