သက်တံ့
၈. ၉. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘန်းလမုန်းမြို့ရှိ အလုပ်သမားစခန်းတစ်ခုတွင် အရက်အတူသောက်သူ မြန်မာအလုပ်သမားနှစ်ဦး စကားများရန်ဖြစ်ရာမှ တစ်ဦးမှာ ဓားဖြင့် ထိုးနှက်ခံရပြီး သေဆုံးခဲ့သည့်ဖြစ်စဉ် စက်တင်ဘာ ၇ ရက်တွင် ဖြစ်ပွားခဲ့သည်။
ဘန်းလမုန်းမြို့၊ တခီယန်းတီးယား (Takian Tia) ရပ်ကွက်ရှိ အလုပ်သမားစခန်းတွင် ဓားထိုးမှုဖြစ်ပွားကြောင်း မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဘန်းလမုန်းရဲစခန်းသို့ သတင်းပေးပို့ခဲ့သဖြင့် စုံစမ်းစစ်ဆေးရေးအရာရှိများ၊ ကင်းလှည့်ရဲတပ်ဖွဲ့နှင့် စဝါးဘိုရီဘွန် သမ္မာသထန် ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးသမားများ အခင်းဖြစ်ရာသို့ သွားရောက်ခဲ့ကြသည်။
အခင်းဖြစ်နေရာတွင် အသက် ၃၀ မှ ၄၀ အတွင်းရှိမည်ဟု ယူဆရသော ဒဏ်ရာရရှိသူ အမျိုးသား၏ မျက်နှာ၊ ဘယ်ဘက် ဘေးနံကြောင်းနှင့် ဘယ်ဘက်လက်တို့တွင် ဓားဒဏ်ရာ၊ ဓားခုတ်ဒဏ်ရာများ တွေ့ရှိခဲ့ရသည်။ ကယ်ဆယ်ရေးသမားများက အရေးပေါ် အသက်ကယ်ဆယ်နည်း (CPR) နှင့် ရှေးဦးပြုစုခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ပတ္တရား ပတ်မာကွန်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း နှလုံးကို ဓားထိုးမိသည့် ဒဏ်ရာကြောင့် ဆရာဝန်များ အသက်မကယ်နိုင်ဘဲ နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။
အခင်းဖြစ်ပွားရာနေရာ၌ အသက် ၄၁ နှစ်အရွယ် ကိုငွေ ဆိုသူ မြန်မာအမျိုးသားတစ်ဦး လက်တွင် ဓားကိုင်ထားသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ ၎င်းသည် အရက်အလွန်အမင်း မူးယစ်နေပြီး ဒေါသထွက်နေသည့် ပုံစံရှိသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရဲအရာရှိများသည် ထိုဧရိယာကို ဝိုင်းဝန်းထားပြီး ဓားကိုစွန့်လွှတ်ကာ အဖမ်းခံရန် မိနစ် ၃၀ ကျော်ကြာ ဖျောင်းဖျပြောဆိုခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ၎င်းသည် အဖမ်းမခံဘဲ ရဲအရာရှိများကို သေနတ်ဖြင့် ပစ်ခတ်ရန် ပြန်လည်စိန်ခေါ်ခဲ့သည်။ နောက်ဆုံးတွင် ရဲတပ်ဖွဲ့က ၎င်းကို ထိန်းချုပ်ဖမ်းဆီးနိုင်ခဲ့သည်။ ဖမ်းဆီးစဉ်အတွင်း ဘန်းလမုန်းရဲစခန်းမှ ဒုတိယစုံစမ်းစစ်ဆေးရေးမှူးတစ်ဦး ညာဘက်လက်တွင် သာမန် ဓားရှရာ ဒဏ်ရာရရှိခဲ့သည်။ ရဲတပ်ဖွဲ့သည် ၃၀ စင်တီမီတာခန့်ရှိသော ဓားတစ်ချောင်းကို သိမ်းဆည်းခဲ့ပြီး ကိုငွေအား စစ်ဆေးမေးမြန်းရန် ဘန်းလမုန်းရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ကုန်သေတ္တာ (Shipping Container) ကို ပြုပြင်ဖန်တီးထားသော အလုပ်သမားများနေထိုင်ရာ အခန်းအတွင်း၌ ရုန်းရင်းဆန်ခတ်ဖြစ်ထားသည့် အမှတ်အသားများနှင့် သွေးကွက်များကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ အခန်းအတွင်း စားသောက်ဖွယ်ရာများနှင့် အရက်ဖြူနှစ်ပုလင်းကိုလည်း တွေ့ရှိခဲ့သည်။ မူလစုံစမ်း စစ်ဆေးချက်များအရ သေဆုံးသူမှာ ထိုစခန်းတွင် အလုပ်လုပ်ကိုင်ပြီး နေထိုင်သူဖြစ်ပြီး ကိုငွေ မှာမူ အလုပ်မစရသေးဘဲ အလုပ်ရှာရန် ထိုဧရိယာသို့ မကြာသေးမီကမှ ရောက်ရှိလာသူဖြစ်သည်။ စကားများ ရန်မဖြစ်မီ အဆိုပါ အမျိုးသားနှစ်ဦးသည် အခန်းအတွင်း အရက်အတူတူ သောက်နေကြခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူသည် အခန်းအတွင်းမှ ထွက်ပြေးလာပြီး ရေချိုးခန်းအနီးတွင် လဲပြိုသွားခဲ့သဖြင့် လုပ်ဖော်ကိုင်ဖက်များက ကူညီရန်ကြိုးစားကာ ရဲထံ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကိုငွေသည် အရက်လွန်စွာ မူးယစ်နေသဖြင့် ထိုဧရိယာမှ ထွက်ပြေးခြင်းမရှိဘဲ ရဲတပ်ဖွဲ့ ရောက်ရှိလာချိန်အထိ အနီးအနားတွင်ရှိနေခဲ့သည်။ ပဏာမ စစ်ဆေးမေးမြန်းစဉ်အတွင်း ကိုငွေက သေဆုံးသူသည် မိမိ၏ ဘယ်ဘက်မျက်ခုံးအထက်ကို မာကျောသော အရာတစ်ခုဖြင့် ရိုက်နှက်သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ကြောင့် ဒေါသထွက်ကာ ဓားကိုယူ၍ ပြန်လည်ထိုးခုတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
သို့သော် ရဲတပ်ဖွဲ့က ထိုထွက်ဆိုချက်ကို အမှန်အကန်အဖြစ် လက်မခံသေးဘဲ သေစေလောက်သည့် ဓားထိုးမှု၏ နောက်ကွယ်မှ အကြောင်းအရင်းနှင့် ရာဇဝတ်မှု အခြေအနေများကို ဆက်လက်စစ်ဆေးသွားမည်ဟု ပြောကြားခဲ့သည်။
Ref: Thaiger
