၈.၉.၂၀၂၆
Written by Linn Eain
လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ပိတ်ဆို့မှုလုပ်ငန်းများတွင် Steel Sheet Pile များရိုက်သွင်းကာရံခြင်းလုပ်ငန်းများ အပြီးသတ်ရိုက်သွင်းပြီးစီး၍ စက်တင်ဘာ ၈ ရက်ကစတင်ပြီး ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ နေ့လယ် ၁ နာရီက ထုတ်ပြန်ဖော်ပြထားသည်။
ဆက်လက်၍ ကာရံပိတ်ဆို့ပြီးသော Steel Sheet Pile များအား အတွင်းအပြင်ရေမျက်နှာပြင်ကွာခြားလာမှုကြောင့် ပြင်ပရေတွန်းအားဖြစ်ပေါ်လာမှုအား ခံနိုင်ရည်ရှိရန်အတွက် Jumbo Bags(သဲအိတ်)များ ဆက်လက်ချခြင်း၊ သဲအိတ်များကာရံခြင်းနှင့် သောင်တူးရေယာဉ်ဖြင့် ရေနက်အိုးအတွင်းသို့ သဲမှုတ်ထည့်ခြင်း၊ Sheet Pile များအားခိုင်မာမှုရှိစေရန် Concrete Sinker အတုံးများချခြင်း၊ သံမဏိဒေါက်တိုင်များ ထပ်မံကျားကန် ထောက်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဇူလိုင်နှောင်းပိုင်းကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ငဝန်မြစ်ရေမြင့်တက်လာမှုတို့ကြောင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်မှုသည် ဇူလိုင်လ ၃၀ ရက် ည ၁၀ နာရီ ၄၂ မိနစ်တွင် စတင်ဖြစ်ပေါ်ခဲ့သဖြင့် တာတမံအရေးပေါ်ကာကွယ်ရေးလုပ်ငန်းနှင့် ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးလုပ်ငန်းများကို ဩဂုတ်လ(၄) ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ပြီး Steel Sheet Pile များရိုက်သွင်း၍ ကာရံခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေဝင်လမ်းကြောင်းအတွင်း Geo-bags အိတ်ကြီးများချခြင်း၊ ပန်းတာ၏ လက်ဝဲဘက်ခြမ်းနှင့် လက်ယာဘက်ခြမ်းတို့တွင် ရေတိုက်စားမှုမှကာကွယ်ရန် သဲအိတ် ၁၀၀ ပါ နိုင်လွန်ပိုက်ကြိုးဖြင့်ထုပ်ပိုးထားသည့် သဲအိတ်တွဲများချခြင်း၊ ဧရာမောင်သောင်တူးစက်ကြီး ရေယာဉ်တွဲဖြင့် သဲတူးဖော်ပြီး ပန်းတာရေဝင်လမ်းအနီးသို့ သဲမှုတ်သွင်းခြင်း၊ ပန်းတာရေဝင်လမ်းပိတ်ဆို့ ကာကွယ်ရန်အတွက် ဒဂုန်စာမရီ ရေယာဉ်နှင့် မြဟန်တိုး ရေယာဉ်တို့ဖြင့် Geo-bags အိတ်များချခြင်း၊ ရွှေစင်ကြယ်နှင့် ရွှေနန်းတော် ဆောက်လုပ်ရေးရေယာဉ်များက Steel Sheet Pile များကို ကရိန်းနှင့် Silent Pile Driver, Electric Vibratoury Pile Hammer များ အသုံးပြု၍ ရိုက်သွင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် Steel Sheet Pile ပိုမိုတည်ငြိမ်ခိုင်ခံ့စေရန် အနောက်ဘက်မှ ထောက်ကန်ပေးနိုင်ရေးအတွက် သဲအိတ်များချခြင်း၊ Split Barge ရေယာဉ်ဖြင့် ရေယာဉ်အလယ်ပိုင်းမှ ဝမ်းဖွင့်ချသည့် စနစ်ကို အသုံးပြု၍ Geo-Bag သဲအိတ်ကြီးများချခြင်း၊ ရေဝင်လမ်း ပိတ်ဆို့ကာကွယ်ရန် CB တွဲခွံ ၈၀ ပေ × ၁၈ ပေ × ၉ ပေ အတွင်း သဲ၊ ကျောက် ထည့်သွင်း နစ်မြုပ်ဆောင်ရွက်ခဲ့ပြီး လိုအပ်သော စက်ယန္တရားများအကူအညီဖြင့် နေ့ရောညပါ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၈ ရက်တွင် ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငဝန်ရေကာတာသည် လေးမျက်နှာမြို့နယ်အတွင်း တာမိုင် ၁၉/၁ မှ ၃၉/၀ အထိ မိုင် ၂၀ ခန့်ရှည်လျားပြီး မြို့ပေါ်ရပ်ကွက် (၅) ခုနှင့် ကျေးရွာအုပ်စု (၂၁) အုပ်စုတို့ကို ကာကွယ်ထားပြီး အဆိုပါနေရာတွင် ရေကျော်စီးဝင်မှု စတင်ခဲ့ခြင်းဖြစ်သည်။
တာတမံအရေးပေါ်ကာကွယ်ရေးလုပ်ငန်းနှင့် ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲများ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက အနီးကပ်ကြီးကြပ်ကာ ပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများက နေ့ရောညပါ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
