သတိုး
၆. ၉. ၂၀၂၆
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယမန်နေ့ စက်တင်ဘာ ၅ ရက်တွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် တွေ့ဆုံ၍ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ လွှတ်တော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် အတွေ့အကြုံဖလှယ်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်စေရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများ၌ အပြန်အလှန်ထောက်ခံပံ့ပိုးရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး၏ ပြောကြားချက်အရ သိရသည်။
ဆွေးနွေးပွဲတွင် ၂၀၁၇ ခုနှစ်က တည်ထောင်ခဲ့သည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ၂၀၂၇ ခုနှစ်တွင် ၁၀ နှစ်ပြည့်မြောက်မည်ဖြစ်ရာ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းကျယ်ပြန့်စေရေး အတူတကွ ကြိုးပမ်းသွားရန်၊ နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ နိုင်ငံရေးပါတီအချင်းချင်း၊ တပ်မတော်အချင်းချင်းနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးများကို ဟန်ချက်ညီညီ တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် မကြာသေးမီက ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၇ နှစ်ကြာ ရပ်တန့်နေခဲ့သည့် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင် ၁၀ ကြိမ်မြောက် အစည်းအဝေး ပြန်လည်ကျင်းပနိုင်ခဲ့မှုကို ကြိုဆိုကြောင်းနှင့် နှစ်နိုင်ငံအဆင့်မြင့်ကိုယ်စားလှယ်အဖွဲများနှင့် လွှတ်တော်ဥက္ကဋ္ဌများ၏ အပြန်အလှန်ခရီးစဉ်များ ပိုမိုပြုလုပ်နိုင်ရေး အားပေးဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
အလားတူ မြန်မာ – ဗီယက်နမ် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် နိုင်ငံတော်သမ္မတက လွှတ်တော်အချင်းချင်း ဆက်ဆံရေးသည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေး၏ အရေးကြီးသည့် နိုင်ငံရေးအခြေခံမဏ္ဍိုင်တစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လွှတ်တော်များ ပြန်လည်စတင်လည်ပတ်နေပြီဖြစ်သည့်အတွက် ဗီယက်နမ်အမျိုးသားလွှတ်တော်၏ ဥပဒေပြုရေး၊ ကြီးကြပ်ရေးနှင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အတွေ့အကြုံများကို မျှဝေပေးစေလိုကြောင်း ပြောကြားခဲ့သလို လွှတ်တော်ကိုယ်စားလှယ်များအကြား ထိတွေ့ဆွေးနွေးမှု၊ အတွေ့အကြုံဖလှယ်မှုနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန် သဘောထားဖလှယ်ခဲ့ကြသည့်အပြင် AIPA၊ IPU အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ လွှတ်တော်ဆိုင်ရာမျက်နှာစာများတွင် အပြန်အလှန်ပံ့ပိုးကူညီမှု တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နှစ်နိုင်ငံဆက်ဆံရေးကို လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် အဓိကကဏ္ဍများအဖြစ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ပိုမိုတိုးမြှင့်ရန်၊နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်ချိတ်ဆက်ပူးပေါင်းမှု ပိုမိုအားကောင်းလာစေရေး၊ စားသောက်ကုန်ထုတ်လုပ်ရေးနှင့် အခြားအလားအလာရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ပထဝီဝင်တည်နေရာနှင့် အနောက်ဘက်ရှိ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ဈေးကွက်များသို ချိတ်ဆက်နိုင်သည့် အခွင့်အလမ်းများကို အသုံးချကာ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများနှင့် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအကြား လိုအပ်သည့် နားလည်မှုစာချွန်လွှာများနှင့် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များကို အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် နိုင်ငံတော်သမ္မတက အာဆီယံနှင့် နိုင်ငံတကာမျက်နှာစာများတွင် မြန်မာနိုင်ငံအပေါ် ဗီယက်နမ်နိုင်ငံ၏ နားလည်မှုနှင့် ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံက ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် CLMV ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အပေါ် ကြိုဆိုကြောင်း ပြောကြားခဲ့သလို အာဆီယံအဖွဲဝင်နိုင်ငံများအဖြစ် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေးနှင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို အထောက်အကူပြုနိုင်ရန် ဆက်လက်ပူးပေါင်းသွားရေး ဆွေးနွေးခဲ့ကြသည်။

အထက်ပါဆွေးနွေးပြောကြားချက်များအပြင်နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့် လွှတ်တော်များနှင့် အစိုးရသစ် ပေါ်ပေါက်လာမှု၊ ဒီမိုကရေစီစနစ် ပိုမိုခိုင်မာစေရေး ဆောင်ရွက်နေမှု၊ နိုင်ငံနှင့်ကိုက်ညီသည့် ဒေသအခြေခံဖက်ဒရယ်စနစ် ဖော်ဆောင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်မှုယန္တရား ပြုပြင်ပြောင်းလဲရေးတိုကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံ့စီးပွားရေး ဖွံဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများ အားပေးမြှင့်တင်ရေးနှင့် စီးပွားရေးအခြေခံကောင်းများ တည်ဆောက်ရေး ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့်အညီ အိမ်နီးချင်းနှင့် မိတ်ဖက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် ဆွေးနွေးပြောကြားချက်များအပြင် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းက နိုင်ငံတော်သမ္မတ၏ ဗီယက်နမ်နိုင်ငံခရီးစဉ်ကို ကြိုဆိုပြီး ခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေမည်ဟု ယုံကြည်ကြောင်း၊ နှစ်နိုင်ငံအကြား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲများ အပြန်အလှန်လည်ပတ်ရေးနှင့် လွှတ်တော်အချင်းချင်း ဆက်ဆံရေးတိုးမြှင့်ရေးကို ဆက်လက်အားပေးသွားလိုကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ ဥပဒေပြုရေး၊ ဥပဒေပြင်ဆင်ရေးနှင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အတွေ့အကြုံများကို မြန်မာနိုင်ငံနှင့် မျှဝေကာ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားလိုကြောင်း၊စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စားသောက်ကုန်ထုတ်လုပ်ရေးအပါအဝင် လက်တွေ့အကျိုးဖြစ်ထွန်းနိုင်သည့် ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် အလေးထားပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲအတွင်း နှစ်ဖက်ခေါင်းဆောင်များက မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရာစုနှစ်ဝက်ကြာ တည်ဆောက်လာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုကို အခြေခံ၍ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တပ်မတော်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးများကို ပိုမိုနက်ရှိင်းစေရန်၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် အဆင့်သို့ မြှင့်တင်ရန်နှင့် အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများ၌ အပြန်အလှန်ပံ့ပိုးကူညီမှု ဆက်လက်တိုးမြှင့်သွားရန် သဘောထားချင်းဖလှယ်ခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းအား မြန်မာနိုင်ငံသို့ အဆင်ပြေသည့်အချိန်တွင် လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကလည်း ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် နှစ်နိုင်ငံ၊ လွှတ်တော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့သည်။
ထို့ပြင် မြန်မာ-ဗီယက်နမ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် ရွှေရတုကို ဖြတ်သန်းခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ အဆက်ဆက်တည်ဆောက်ခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။
