သတိုး
၆. ၉. ၂၀၂၆
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဟနွိုင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ မြန်မာ – ဗီယက်နမ် နှစ်နိုင်ငံအကြား အစဉ်အလာချစ်ကြည်ရင်းနှီးမှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေးနှင့် ဒေသတွင်း၊ နိုင်ငံတကာမျက်နှာစာများ၌ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတိုကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး၏ ပြောကြားချက်အရ သိရသည်။
ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့သည် သမိုင်းကြောင်းအရ ချစ်ကြည်ရင်းနှီးသည့် ဒေသတွင်းမိတ်ဆွေနိုင်ငံများဖြစ်ပြီး ယခုခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးတွင် စာမျက်နှာသစ်တစ်ရပ် ဖွင့်လှစ်နိုင်သည့် ခရီးစဉ် ဖြစ်ကြောင်း၊ ၂၀၂၇ ခုနှစ်တွင် ၁၀ နှစ်ပြည့်မြောက်မည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို နောက်ထပ်အဆင့်တစ်ရပ် တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လိုကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၁၀ ကျော်ရှိပြီး နှစ်နိုင်ငံထုတ်ကုန်များသည် အပြန်အလှန်ဖြည့်ဆည်းနိုင်သည့် သဘောသဘာဝရှိသဖြင့် ကုန်သွယ်မှုတိုးချဲ့နိုင်မည့် အလားအလာများစွာရှိကြောင်း၊ ဗီယက်နမ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန်နှင့် ယခင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ပြန်လည်ထွက်ခွာသွားသည့် လုပ်ငန်းများ ပြန်လည်ဝင်ရောက်လာရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် ဦးစားပေးကဏ္ဍများဖြစ်သည့် ဆက်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေးနှင့် ငါးမွေးမြူရေး၊ ပိုဆောင်ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ MSMEs၊ ခရီးသွားလုပ်ငန်းနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း၊ အထူးသဖြင့် နည်းပညာအထူးဇုန်များ၊ Chips နှင့် Server ကဲ့သို နည်းပညာသုံးပစ္စည်းထုတ်လုပ်ရေးနှင့် လျှပ်စစ်မော်တော်ယာဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဖော်ထုတ်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သလို နှစ်နိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများ ပြန်လည်အားကောင်းလာစေရေး၊ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားနှင့် အခြားနယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်းလည်း ပြောကြားခဲ့သည်။

အထက်ပါပြောကြားမှုများအပြင် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်တိုကို ချိတ်ဆက်သည့် အရှေ့-အနောက် စီးပွားရေးစင်္ကြန်ကို ထိရောက်စွာ အသုံးချရေး၊ ပိုဆောင်ရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေး၊ နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်းများ တိုးချဲ့ရေးနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် အာဆီယံ၊ မဲခေါင် – လန်ချန်း၊ CLMV နှင့် ACMECS စသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မူဘောင်များတွင် ဗီယက်နမ်နိုင်ငံနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ မြန်မာနိုင်ငံအပေါ် ဗီယက်နမ်နိုင်ငံက ပံ့ပိုးကူညီပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အထက်ပါ ပြောကြားချက်များအပေါ် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ၏ ဗီယက်နမ်ခရီးစဉ်ကို နွေးထွေးစွာကြိုဆိုကြောင်း၊ ယခုခရီးစဉ်နှင့် နှစ်ဖက်အဆင့်မြင့်တွေ့ဆုံမှုများသည် မြန်မာ-ဗီယက်နမ် ဆက်ဆံရေးကို အဆင့်သစ်တစ်ရပ်သို့ မြှင့်တင်ပေးနိုင်မည် ဟု ယုံကြည်ကြောင်းနှင့် နှစ်နိုင်ငံအကြား နယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်လိုကြောင်း၊ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဈေးကွက်ချိတ်ဆက်မှု မြှင့်တင်ရေးနှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအတွက် ပူးပေါင်းကူညီဆောင်ရွက်ရေးတို့ကို အလေးထားကြောင်း ပြောကြားခဲ့သည်။

အလားတူ Green Energy၊ Solar နှင့် ဆက်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ကြောင်း၊ Mytel ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးချဲ့နိုင်ရေး ဆောင်ရွက်လိုကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ ကျေးလက်ဒေသဖွံဖြိုးရေးနှင့် အခြားဖွံဖြိုးရေးကဏ္ဍများမှ အတွေ့အကြုံများကို မြန်မာနိုင်ငံနှင့် မျှဝေပေးနိုင်ကြောင်း၊ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိကြောင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံအကြား သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေးလမ်းကြောင်းများ ချိတ်ဆက်အသုံးချနိုင်ရေး၊ ခရီးသွားနေရာများနှင့် ခရီးသွားထုတ်ကုန်များ တိုးချဲ့ဖော်ထုတ်ရေး၊ နိုင်ငံခြားခရီးသွားများ ပိုမိုဆွဲဆောင်နိုင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ နိုင်ငံရေးနှင့် အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်တိုးမြှင့်ရေး၊ လုံခြုံရေးနှင့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံနှင့် ဒေသတွင်းမူဘောင်များတွင် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
