သက်တံ့
၁. ၉. ၂၀၂၆
မလေးရှားနိုင်ငံ၊ ကေဒါပြည်နယ်၊ ကိုဒီယန်း (Kodiang) ဧရိယာရှိ မြန်မာနိုင်ငံမှလာသည့် ဘင်္ဂါလီများ နေထိုင်သည့် နေအိမ်များကို အဓိက ပစ်မှတ်ထား၍ လက်နက်ကိုင်ဆောင်ကာ အုပ်စုဖွဲ့ ဓားပြတိုက်မှုများ ကျူးလွန်ခဲ့သည့် မလေးရှား ဒေသခံ အမျိုးသား ၄ ဦးကို ရဲတပ်ဖွဲ့က စစ်ဆင်ရေးဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ကူဘန်းပါဆူ (Kubang Pasu) ခရိုင် ရဲတပ်ဖွဲ့မှူး Supt Mohd Radzi Abdul Rahim ၏ ပြောကြားချက်အရ ဩဂုတ်လ ၁၇ ရက် နံနက် ၁ နာရီ ၃၀ မိနစ်က Kampung Kodiang Lama ရှိ ၎င်း၏ အငှားအိမ်အတွင်းသို့ မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား ၃ ဦး ဓားကိုင်ဆောင် ဝင်ရောက်လာကာ ဓားပြတိုက်ခံခဲ့ရကြောင်း အသက် ၂၈ နှစ်အရွယ် ဘင်္ဂါလီအမျိုးသားတစ်ဦးက ရဲစခန်း၌ လာရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် နစ်နာသူသည် ဓားဖြင့် ထိုးနှက်ကြိမ်းမောင်း ရိုက်နှက်ခံခဲ့ရပြီး ဆွဲကြိုး ၂ ကုံး၊ လက်စွပ် ၁ ကွင်း၊ ဆွဲသီး ၁ ခု၊ နားကပ် ၁ ရံ၊ လက်ကိုင်ဖုန်း ၂ လုံး၊ ပိုက်ဆံအိတ်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတ်တို့ကို ပေးအပ်ခဲ့ရသည်။ ထို့ပြင် တိုက်ခိုက်ခံရမှုကြောင့် နစ်နာသူ၏ လက်၊ ခြေထောက်နှင့် ဝမ်းဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့သည်။
ယင်းတိုင်ကြားချက်မှတစ်ဆင့် ကူဘန်းပါဆူ ခရိုင် ရဲတပ်ဖွဲ့နှင့် ကေဒါပြည်နယ် ရဲတပ်ဖွဲ့ မှုခင်းစုံစမ်းစစ်ဆေးရေးဌာနတို့ ပူးပေါင်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အသက် ၂၂ နှစ်မှ ၃၇ နှစ်အတွင်းရှိ မသင်္ကာသူ မလေးရှားနိုင်ငံသား ၄ ဦးကို Kodiang၊ Perak ပြည်နယ်ရှိ Ipoh နှင့် Perlis ပြည်နယ်ရှိ Kangar တို့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးစဉ်အတွင်း ရဲတပ်ဖွဲ့သည် ဓားပြတိုက်မှုနှင့် ဆက်စပ်နေသည့် လက်ကိုင်ဖုန်း ၄ လုံး၊ လွယ်အိတ် ၁ အိတ်၊ UNHCR ကတ် ၂ ခု၊ အပေါင်ဆိုင်ပြေစာ ၁ စောင်၊ ခေါက်ဓား ၁ ချောင်း၊ သစ်သားအရိုးနှင့် ဓားအိမ်ပါ ဓားမြှောင်တို ၁ ချောင်းအပြင် ဆိုင်ကယ်စီးဦးထုပ်များကိုပါ သိမ်းဆည်းရမိခဲ့သည်။
ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ အဆိုပါ မလေးရှား ဓားပြအုပ်စုသည် ဘင်္ဂါလီများ ပြစ်မှုကျူးလွန်ခံရပါက တရားဥပဒေကြောင်းအရ ရဲစခန်းသို့ သွားရောက်တိုင်ကြားလေ့ မရှိကြသည့် အချက်ကို အခွင့်ကောင်းယူ၍ ၎င်းတို့ကို အဓိက ပစ်မှတ်ထား ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
မသင်္ကာသူများကို စစ်ဆေးမေးမြန်းချက်အရ Kodiang ဧရိယာတွင် ဓားပြတိုက်မှု ၁၃ ခုခန့် ကျူးလွန်ခဲ့သည်ဟု ဝန်ခံထားသော်လည်း ကြောက်ရွံ့မှုနှင့် ဘေးအန္တရာယ် စိုးရိမ်မှုတို့ကြောင့် နစ်နာသူများဘက်မှ ရဲစခန်းသို့ လာရောက်တိုင်ကြားသည့် အမှုမှာ ၁ ခု သို့မဟုတ် ၂ ခုခန့်သာ ရှိသေးကြောင်း သိရသည်။
အဆိုပါအုပ်စုသည် ဘင်္ဂါလီများ နေထိုင်သည့် အိမ်များကို မျက်နှာဖုံးစွပ် ဓားကိုင်ဆောင်ကာ ဝင်ရောက်ဓားပြတိုက်ခြင်းအပြင် လမ်းဘေးတွင် တစ်ဦးတည်းရှိနေသူများကိုပါ တိုက်ခိုက်လုယက်ခဲ့ကြခြင်း ဖြစ်သည်။
ကူဘန်းပါဆူ ခရိုင် ရဲတပ်ဖွဲ့မှူး Supt Mohd Radzi က မလေးရှားနိုင်ငံအတွင်း ရောက်ရှိနေသူ မည်သူ့ကိုမဆို ဥပဒေအရ အကာအကွယ်ပေးထားပြီး နိုင်ငံခြားသားများကို လွယ်လွယ်ကူကူ ပစ်မှတ်ထား၍ ပြစ်မှုကျူးလွန်ပါကလည်း ဒေသခံများအပေါ် ကျူးလွန်သကဲ့သို့ပင် ထိရောက်စွာ အရေးယူသွားမည်ဟု ပြောကြားခဲ့ကာ နစ်နာခဲ့ရသူများကိုလည်း ရဲစခန်းသို့ လာရောက်တိုင်ကြားကြရန် တိုက်တွန်းထားသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသူ မလေးရှားနိုင်ငံသား ၄ ဦးစလုံးကို ချုပ်မိန့် ရယူထားပြီး အမှုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၅/၃၉၇ (လက်နက်ကိုင်ဆောင်ကာ အုပ်စုဖွဲ့ ဓားပြတိုက်မှု) ဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Ref: The Star & Sinar Harian
