သက်တံ့
၁. ၉. ၂၀၂၆
မနက်ဖြန်တွင် ကျရောက်မည့် ဗီယက်နမ်နိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ Mr. To Lam ထံသို့ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ Mr. Hun Sen က ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဆုမွန်ကောင်းတောင်းလွှာ ပေးပို့ခဲ့သည်။
တနင်္လာနေ့က ပေးပို့သော သဝဏ်လွှာတွင် Mr. Hun Sen သည် ကမ္ဘောဒီးယား အထက်လွှတ်တော်နှင့် ပြည်သူများကိုယ်စား Mr. To Lam ၊ အမျိုးသားလွှတ်တော်၊ အစိုးရနှင့် ဗီယက်နမ်ပြည်သူများထံ ၈၁ ကြိမ်မြောက် ဗီယက်နမ်အမျိုးသားနေ့ အထိမ်းအမှတ်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် Mr. To Lam ၏ ဦးဆောင်မှုအောက်တွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ဗီယက်နမ်နိုင်ငံတော်နှင့် ပြည်သူများ၏ အောင်မြင်မှုများကို Mr. Hun Sen က ချီးကျူးပြောကြားခဲ့ပြီး၊ အထူးသဖြင့် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းခြင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း၊ လူနေမှုအဆင့်အတန်း တိုးတက်စေခြင်းနှင့် ဒေသတွင်းရော အပြည်ပြည်ဆိုင်ရာ နယ်ပယ်များတွင်ပါ ဗီယက်နမ်၏ အခန်းကဏ္ဍနှင့် ဂုဏ်သိက္ခာကို ခိုင်မာစေခြင်းတို့အတွက် အသိအမှတ်ပြုခဲ့သည်။
ယင်းအပြင် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်အကြား ကာလရှည်ကြာ တည်ရှိခဲ့သော ဆက်ဆံရေးကို အိမ်နီးချင်းကောင်း ပီသမှု၊ ရိုးရာချစ်ကြည်ရေး၊ ညီညွတ်ရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အခြေခံသည့် ဆက်ဆံရေးဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု၊ လေးစားမှုနှင့် ပံ့ပိုးကူညီမှုတို့အပေါ် အခြေခံထားသည့် ယင်းကာလရှည် ချည်နှောင်မှုများသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့် အပြန်အလှန် အကျိုးကျေးဇူးများအတွက် ဆက်လက်ခိုင်မာလာမည်ဟု ယုံကြည်ကြောင်းလည်း Mr. Hun Sen က ဖော်ပြခဲ့သည်။
“ကျွန်ုပ်တို့ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရေး၊ ညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းမှုများကို ပိုမိုနက်ရှိုင်းစေရန် အဆွေတော်နှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်၏ ခိုင်မာသော ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုပါတယ်” ဟု Mr. Hun Sen က ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် Mr. To Lam အနေဖြင့် ကျန်းမာရွှင်လန်းပြီး အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်းနှင့် ဗီယက်နမ်ပြည်သူများအတွက် ငြိမ်းချမ်းရေး၊ တိုးတက်ရေးနှင့် သာယာဝပြောရေးတို့ ဆက်လက်ရှိနေပါစေကြောင်း ဆုမွန်ကောင်းတောင်းဆိုရင်း သဝဏ်လွှာကို နိဂုံးချုပ်ထားသည်။
Ref: Khmer Times
