နေမိုး
၂၇. ၈. ၂၀၂၆
Myanmar League တွင် ကစားနေသူ Chinland FC ဘောလုံးအသင်းမှ နောက်တန်းကစားသမားတစ်ဦး ငါးရက်ကြာ ပျောက်ဆုံးနေသဖြင့် ပြည်သူများ ကူညီရှာဖွေပေးပါရန် Chinland FC ဘောလုံးအသင်းက ယခု မေတ္တာရပ်ခံ ထုတ်ပြန်သည်။
Chinland FC ဘောလုံးအသင်းမှ ကျောနံပါတ် (၅) ဝတ်ဆင်ကစားသူ ပါလျန်း (Pa Lung) သည် ပြီးခဲ့သည့် စနေနေ့ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်ပြီး အသင်းမှ အစွမ်းကုန်ရှာဖွေသော်လည်း ရှာမတွေ့ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ Chinland FC ဘောလုံးအသင်းမှ ကစားသမား၊ Myanmar League တွင် ကစားနေသူ၊ မတူပီမြို့နယ်သား အသက် (၂၂) နှစ်အရွယ် Pa Lung (Chinland FC ကျောနံပါတ် ၅) သည် ပျောက်ဆုံးနေပါသည်။ ပြီးခဲ့သည့် စနေနေ့က ဖူဆယ်ပွဲကြည့်ပြီး လိုင်းကားဖြင့် ပြန်လာကာ ၇/၈ လမ်းဆုံတွင် ဆင်းခဲ့ပြီး Taxi ဖြင့် အဆောင်သို့ ပြန်ရန်လုပ်နေသည့်အချိန်အထိ အဆက်အသွယ် ရရှိခဲ့ပါသည်။ ထိုအချိန်နောက်ပိုင်းမှစ၍ ယနေ့အချိန်အထိ အဆက်အသွယ်မရရှိတော့ဘဲ ပျောက်ဆုံးနေပါသည်။ အသင်းအနေဖြင့် ၅ ရက်တိတိ အစွမ်းကုန် ရှာဖွေလျက်ရှိပြီး သက်ဆိုင်ရာများသို့ အကြောင်းကြားခြင်း၊ လူပျောက်အမှုဖွင့်ခြင်း၊ MFF ၊ MNL တာဝန်ရှိ လူကြီးများနှင့်အတူ လိုအပ်သော အရာများအားလုံးကို လုပ်ဆောင်နေသော်လည်း ယခုအချိန်အထိ အဆက်အသွယ် မရရှိသေးပါ။ ထို့ကြောင့် ကျွန်တော်တို့၏ ကစားသမား Pa Lung ကို မည်သည့်နေရာတွင်မဆို တွေ့ရှိသူ၊ သူနှင့်ပတ်သက်သည့် သတင်းအချက်အလက် တစ်စုံတစ်ရာ သိရှိသူများရှိပါက အမြန်ဆုံး အကြောင်းကြားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။ အားလုံးလည်း ဝိုင်းဝန်း ကူညီရှာဖွေပေးကြပါရန်၊ သတင်းမျှဝေပေးကြပါရန်နှင့် ဘေးကင်းလုံခြုံစွာ အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ရန် ဆုတောင်းသတိရပေးကြပါရန် တောင်းခံအပ်ပါသည်။ တွေ့ရှိသူ သို့မဟုတ် သတင်းတစ်စုံတစ်ရာ သိရှိသူများရှိပါက အမြန်ဆုံး အကြောင်းကြားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။”ဟု Chinland FC က အသိပေးထားသည်။
ကိုပါလျန်းအား တွေ့မြင်သိရှိသူများအနေဖြင့် Chinlang FC Page နှင့် U KB (Head Coach) 09964269633, U Gordon Thang (Vice-President) 09 45455 0017 သို့ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်းလည်း သိရသည်။



