သတိုး
၁၇. ၈. ၂၀၂၆
မြန်မာနိုင်ငံရှိ ကာလရှည်ကြာ ကြန့်ကြာနေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း အပါအဝင် ဒေသတွင်း အခြေခံအဆောက်အအုံ စီမံကိန်းကြီးများတွင် ရုရှားက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု ပြသလာချိန်တွင် ထိုင်းနိုင်ငံသည်လည်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် အဓိက ပါဝင်သူအဖြစ် နေရာယူရန် ပြင်ဆင်နေသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူအာကက်ကောင်းက မော်စကိုတွင် တနင်္ဂနွေနေ့က ပြောကြားရာ၌ ထိုင်း၏ ပါဝင်မှုသည် ထားဝယ်စီမံကိန်းကို ပိုမိုဖြစ်မြောက်နိုင်ခြေရှိစေရန် ကူညီပေးမည်ဖြစ်ကြောင်း၊ အကြောင်းမှာ ထိုင်းနိုင်ငံ၏ ပို့ကုန်သွင်းကုန်များအတွက် အခြားရွေးချယ်စရာ လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ပြီး လက်ရှိဆိပ်ကမ်းများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးကာ မလက္ကာ ရေလက်ကြားအပေါ် အမှီပြုနေရမှုကို လျှော့ချပေးနိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
သုံးနှစ်ကြာ အနားယူခဲ့ပြီးနောက် ပြန်လည်စတင်ခဲ့သည့် ထိုင်း-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်၏ (၉) ကြိမ်မြောက် အစည်းအဝေးတွင် ယခုကိစ္စကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကျွန်တော်တို့ ဆိပ်ကမ်းဖွံ့ဖြိုးရေးမှာ ပါဝင်နိုင်ရင် အခြားရွေးချယ်စရာတစ်ခု ရလာပါလိမ့်မယ်” ဟု မလက္ကာရေလက်ကြားကို ရည်ညွှန်း၍ ၎င်းက ပြောသလို “ပဋိပက္ခ ဖြစ်ပွားပြီး ရေလက်ကြား ပိတ်သွားရင် ထိခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်”ဟုလည်း ယင်းက ဆက်လက်ပြောသည်။
၎င်းက အဆိုပါဆိပ်ကမ်းသည် ချွန်ဘူရီပြည်နယ်ရှိ လမ်ချဘန်း (Laem Chabang) ဆိပ်ကမ်းနှင့် ကီလိုမီတာ ၂၀၀ ခန့်သာဝေးကြောင်း ပြောကြားခဲ့ပြီး ထိုင်းကုမ္ပဏီများအနေဖြင့် ယခုစီမံကိန်းကို စိတ်ဝင်စားကြလိမ့်မည်ဖြစ်ကြောင်းနှင့် ထားဝယ်ကို ထိုင်းနိုင်ငံနှင့် ကုန်းလမ်း၊ ရထားလမ်းတို့ဖြင့် ချိတ်ဆက်နိုင်ကြောင်း ပြောကြားခဲ့သည်။
“ပိုမိုကျယ်ပြန့်တဲ့ ရည်မှန်းချက်ကတော့ အပိုဆောင်း ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ဖန်တီးပေးရင်း ဒေသတွင်း လော့ဂျစ်စတစ် ဗဟိုချက်အဖြစ် ထိုင်းရဲ့ အနေအထားကို ခိုင်မာစေဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားပြီး နှစ်နိုင်ငံ ကုန်သွယ်မှုသည် လက်ရှိတွင် ဖြစ်နိုင်ခြေထက် လျော့နည်းနေသေးကြောင်း ရုရှားနှင့် ထိုင်းနှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြသည်။
နှစ်နိုင်ငံကြား ကုန်သွယ်မှုမှာ လက်ရှိတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ (ထိုင်းဘတ် ၆၃ ဒသမ ၃ ဘီလီယံ) ခန့်သာရှိပြီး ပိုမိုတိုးတက်သင့်ကြောင်းနှင့် အနာဂတ်တွင် ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်ရန် ရည်မှန်းထားကြောင်း သိရသည်။ ပူးတွဲကော်မရှင်သည် စိုက်ပျိုးရေး ကုန်သွယ်မှု တိုးမြှင့်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး လက်ရှိ အတားအဆီးများကို ဖယ်ရှားနိုင်ပါက ထိုင်းနိုင်ငံအနေဖြင့် ရုရှားသို့ ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်အထိ တိုးမြှင့်ရန် မျှော်လင့်ထားသည်။
အခြားတစ်ဖက်တွင် ရုရှားက ထိုင်းနိုင်ငံသို့ ဝက်သားနှင့် အမဲသား တင်ပို့လိုသော်လည်း ကုန်ထုတ်လုပ်သည့် စက်ရုံများကို စစ်ဆေးရမည့်ကိစ္စမှာ အခက်အခဲအဖြစ် ကျန်ရှိနေကြောင်း၊ ယခု အတားအဆီးများကို ဖယ်ရှားရန် အပြန်အလှန် စက်ရုံစစ်ဆေးမှုများ ပြုလုပ်နိုင်ရေး နှစ်နိုင်ငံ စိုက်ပျိုးရေး တာဝန်ရှိသူများက အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြကြောင်း ၎င်းက ပြောသည်။
အခြား အဓိကပြဿနာတစ်ခုမှာ ငွေပေးချေမှု စနစ်ဖြစ်သည်။ ရုရှားသည် ရေနံ၊ ဓာတ်ငွေ့နှင့် မြေသြဇာ အဓိက တင်ပို့သည့် နိုင်ငံဖြစ်သော်လည်း ယူကရိန်းစစ်ပွဲနှင့် ဆက်စပ်သည့် ပိတ်ဆို့အရေးယူမှုများကြောင့် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး လွှဲပြောင်းမှုများ ရှုပ်ထွေးနေသည်။
ရုရှားကုန်ပစ္စည်း အားလုံးသည် ပိတ်ဆို့အရေးယူမှုအောက်တွင် မရှိသော်လည်း အစားအသောက် ထုတ်ကုန်များအပါအဝင် နှစ်နိုင်ငံ ကုန်သွယ်မှုတွင် အသုံးပြုသည့် မည်သည့် ငွေပေးချေမှုစနစ်မဆို စည်းမျဉ်းများနှင့် ညီညွတ်မှုရှိစေရန် ထိုင်းက လိုအပ်ကြောင်း စီဟာဆက်က ပြောသည်။ နှစ်နိုင်ငံ ဗဟိုဘဏ်များသည် သင့်တော်သော ငွေပေးချေမှု လမ်းကြောင်းများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် မျှော်လင့်ရသည်။
ထိုင်းနိုင်ငံသည် ၎င်း၏ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံကို ခိုင်မာစေရန်လည်း ကြိုးပမ်းနေပြီး အကူအညီဖြစ်စေရန် ရုရှား၏ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးသုံး ရထားစနစ်များကို လေ့လာရန် ထိုင်းပို့ဆောင်ရေးဝန်ကြီး Suriya Jungrungreangkit က ယခင်က ရုရှားသို့ သွားရောက်ခဲ့ဖူးကြောင်း စီဟာဆက်က ထည့်သွင်းပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် မိမိ၏ ရထားကွန်ရက်ကို ခေတ်မီအောင် လုပ်ဆောင်ပြီး ဒေသတွင်း ချိတ်ဆက်မှုကို မြှင့်တင်ရန် ဆောင်ရွက်နေချိန်တွင် ရုရှား၏ ဈေးနှုန်းသက်သာသော ရထားနည်းပညာနှင့် အတွေ့အကြုံများသည် အသုံးဝင်နိုင်ကြောင်း ၎င်းက ပြောသည်။
နှစ်နိုင်ငံစလုံးသည် ထိုင်း-ယူရေးရှား စီးပွားရေးသမဂ္ဂ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (Thailand-Eurasian Economic Union FTA) အတွက် ဆွေးနွေးမှုများ စတင်ရန်လည်း တွန်းအားပေးနေကြသည်။ အဆိုပြုထားသည့် သဘောတူညီချက်သည် လူဦးရေ သန်း ၁၈၀ ကျော်နှင့် စုစုပေါင်း ဂျီဒီပီ (GDP) ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံနီးပါးကို လွှမ်းခြုံနိုင်မည်ဖြစ်သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်ကလည်း ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး၊ မူပိုင်ခွင့်နှင့် ကာကွယ်ရေး စက်မှုလုပ်ငန်းများ အပါအဝင် မပြီးပြတ်သေးသည့် သဘောတူညီချက် အများအပြားကို အရှိန်မြှင့် ဆောင်ရွက်ရန် ထိုင်းနိုင်ငံကို တိုက်တွန်းခဲ့ကြောင်း ၎င်းက ပြောသည်။
နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးသည် အင်ဒို-ပစိဖိတ် ဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရာတွင် အာဆီယံ၏ ကဏ္ဍနှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။ အာဆီယံအနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၏ ဒေါက်တိုင်တစ်ခုအဖြစ် အပြုသဘောဆောင်သော ကဏ္ဍမှ ဆက်လက် ပါဝင်စေချင်ကြောင်း ရုရှားက ပြောကြားခဲ့သည်ဟု စီဟာဆက်က ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဩဂုတ် ၆ ရက်၊ ၇ ရက်က နှစ်ရက်တာ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း နယ်စပ်လုံခြုံရေး၊ ကျားဖြန့် (Online Scam) လုပ်ငန်းများ၊ မူးယစ်ဆေးဝါး၊ လေထုညစ်ညမ်းမှုနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများ အပါအဝင် ဆွေးနွေးခဲ့သည်များကိုလည်း စီဟာဆက်က Mr Lavrov အား ပြန်လည်ပြောပြခဲ့သည်။
ဦးမင်းအောင်လှိုင်သည် ရုရှားသို့ သွားရောက်ရန် ပြင်ဆင်နေကြောင်းလည်း ၎င်းက ပြောကြားခဲ့ပြီး မော်စကိုအနေဖြင့် ငြိမ်းချမ်းရေးနှင့် စေ့စပ်ရေး ကြိုးပမ်းမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံကို တိုက်တွန်းပေးပါရန်လည်း စီဟာဆက်က တောင်းဆိုခဲ့သည်။
Ref: Bangkok Post
