နေမိုး
၁၇. ၈. ၂၀၂၆
စစ်ကိုင်းတိုင်းထဲမှာ NUG နယ်မြေလုထိန်းချုပ်ထားပြီး ဒဏ်ရာရတဲ့ PDF တွေကို ဆေးကုပေးနေတဲ့ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းရွာက ဆေးရုံကို ဒေသခံတွေရဲ့ တိကျတဲ့ သတင်းပေးပို့မှုနဲ့ ဗုံးကြဲချေမှုန်းရာမှာ အနည်းဆုံး ဆယ်ဦးအထက်သေဆုံးသွားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
မနေ့က ဩဂုတ် ၁၆ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်မှာ NUG ရဲ့ PDF တွေ လုံခြုံရေးယူပြီး အခြေစိုက်စောင့်ကြပ်နေတဲ့ ကင်းပန်းရွာကို လေယာဥ်နဲ့ ဗုံးဆယ်လုံးလောက် ကြဲချခဲ့တာလို့လည်း NUG ထောက်ခံတဲ့ မီဒီယာတွေက ဖော်ပြနေပြီး ကင်းပန်းရွာဟာ ဆေးရုံတင်မက NUG အခြေစိုက်စခန်းတွေ၊ PDF စခန်းတွေ အခိုင်အမာ နေရာချထားတဲ့ရွာလို့လည်း သိရပါတယ်။


“ပင်လည်ဘူး၊ ကင်းပန်းရွာကို ခုဏက လေယာဉ်နဲ့ ဆယ်လုံးလောက်ကြဲသွားတယ်။ နေရာအနှံ့မကြည့်ခဲ့ရဘူး။ နေအိမ် ၁၅ လုံးပျက်စီးသွားတယ် ပြောတယ်။ သေဆုံး ဒဏ်ရာရ တော်တော်များတယ်ပြောတယ်။ ဒလန်ကို ကင်းပန်းရွာက ထမင်းတောင်ကျွေးလိုက်သေးတယ်တဲ့”လို့ ပင်လည်ဘူးဒေသခံတစ်ဦးက လူမှုကွန်ရက်မှာ ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။
ဒီဖြစ်စဥ်မှာ PDF နဲ့ ထောက်ပို့တွေက ရည်ညွှန်းနေတဲ့ ဒလန်ဆိုတာက ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA က တပ်မှူးတွေ ဖြစ်တဲ့ တစ်ကိုယ်တော် သုဘရာဇာနဲ့ သခင် ဒေါင်းညိုတို့နှစ်ဦးကို ဗိုလ်နဂါး တပ်မတော်ထံ ခိုလှုံချိန်မှာ ဖမ်းဆီးပြီး နှိပ်စက်ခဲ့တာပါ။ အဲဒီနောက် နှိပ်စက်ခံရတဲ့ဒဏ်ရာတွေနဲ့သေမသွားအောင် ဗိုလ်နဂါးရဲ့ တပ်မှူးနှစ်ဦးကို ကင်းပန်းဆေးရုံမှာ ကုသပေးနေရာက တစ်ကိုယ်တော် သုဘရာဇာနဲ့ သခင်ဒေါင်းညိုတို့နှစ်ဦး ဩဂုတ် ၁၅ ရက်မှာ ထွက်ပြေးသွားပြီး ဩဂုတ် ၁၆ ရက်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒီဖြစ်စဥ်ကို ဗိုလ်နဂါးရဲ့ တပ်မှူးနှစ်ဦးက သတင်းပေးတယ်လို့ ယူဆနေကြတာပါ။
ကင်းပန်းဆေးရုံ ဗုံးကြဲခံရမှုမှာ သေဆုံးတဲ့ ဆယ်ဦးကျော်ထဲ PDF အများစုပါတယ်လို့ သိရပေမဲ့ NUG နဲ့ PDF တွေဘက်ကတော့ သေဆုံးဒဏ်ရာရစာရင်းကို အသိမခံသလို သတင်းထုတ်ပြန်မှုလည်း မပြုသေးဘဲ လက်ရှိအချိန်ထိ ဖုံးဖိထားဆဲဖြစ်ပါတယ်။


