၁၇.၈.၂၀၂၆
Written By Thandar
လူငယ်တွေအကြား ရေပန်းစားလျက်ရှိတဲ့မော်တော်ယာဉ် Drift မောင်းနှင်မယ့် ဝါသနာကို ဘေးကင်းလုံခြုံစွာ လေ့ကျင့်နိုင်ဖို့ စနစ်တကျ သင်ယူနိုင်ရန်အတွက် YMC (Yangon Motorsports Club) ယာဉ်မောင်းကွင်းလေ့ကျင့်ရေးကွင်းမိတ်ဆက်ပွဲကို ဩဂုတ်လ ၁၆ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်၊ အမှတ် (၇) လမ်းမကြီး၊ အကွက်နံပါတ် ၅၀၀၊ အမှတ်၂ လမ်းနဲ့ ၃ လမ်းကြားမှာ ကျင်းပခဲ့ပါတယ်။
“ရန်ကုန်မြို့တွင်းမှာ စည်းကမ်းချက်တွေနဲ့ အများပြည်သူဆိုင်ရာ လမ်းမတွေ လွတ်လပ်စွာ ဒရစ်ဖ်မောင်းနှင်ဖို့ အခက်အခဲရှိနေသူတွေအတွက် ယခုကွင်းကို ဖန်တီးဖို့ စိတ်ကူးရခဲ့တာပါ။ နောက် ကားတွေကို ဒရစ်ဖ်မောင်းဖို့ စိတ်လွတ်လပ်စွာ လေ့ကျင့်နိုင်မယ့် နေရာတစ်ခုလည်းဖြစ်တယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာဆိုရင် ပြိုင်ကား အစီးရေ ၅၀ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ လာရောက် ကြည့်ရှုသူ ပရိသတ် ၅၀၀ ကျော်အထိ လာရောက်လာခဲ့ကြတယ်”လို့ YMC Founder ဝေယံပြည့်ဖြိုးက MT Entertainment ကိုပြောပါတယ်။
အဆိုပါ အခမ်းအနားကို သရုပ်ဆောင် တေဇလင်းရောင်၊ အလှမယ် စိုးစံနန်းစတဲ့ အလှမယ်တွေတက်ရောက်ခဲ့ကြသလို ပြိုင်ကားလောက,က တာဝန်ရှိသူတွေ၊ ပြိုင်ကားပြိုင်ပွဲဝင်တချို့ စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
YMC မှာ ရရှိနိုင်မယ့် အဓိကဝန်ဆောင်မှုတွေက Workshop ဖြည့်ဆည်းပေးခြင်း၊ ကားပြုပြင်ထိန်းသိမ်းမှုတွေနဲ့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ကွင်းအတွင်း ချက်ချင်း ဆောင်ရွက်နိုင်ခြင်း၊ Drift ကွင်းနဲ့ သင်တန်းတွေ နည်းပြတွေနဲ့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ကျွမ်းကျင်ဆရာတွေထံက စနစ်တကျ လေ့ကျင့်သင်ယူနိုင်တယ်လို့ သိရပါတယ်။
ဒါ့ပြင် Dyno စက်ဖြင့် စမ်းသပ်ခြင်း၊ မော်တော်ယာဉ်ရဲ့ အင်ဂျင်ရလဒ်နဲ့ Horsepower စွမ်းဆောင်ရည်ကို လမ်းပေါ်မှာစမ်းသပ်ရန်မလိုဘဲ စက်ပေါ်တွေတိကျစွာ တိုင်းတာစမ်းသပ်နိုင်ခြင်းအပြင် ကားငှားရမ်းနိုင်ဖို့အတွက် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ အနာဂတ်အစီအစဉ်မှာ ကိုယ်ပိုင်ကား မရှိသေးသူတွေအတွက် ကားငှားရမ်းလေ့ကျင့်နိုင်မယ့် အစီအစဉ်တွေ၊ Package အလိုက် သင်တန်းပေးမယ့် အစီအစဉ်တွေကိုလည်း အဆင့်ဆင့် ဆောင်ရွက်ပေးသွားမှာပါ”လို့ သူက ဆက်ပြောပါတယ်။
#တေဇလင်းရောင် #TayzaLinYaung #ဝေယံဖြိုးပြည့် #WaiYanPhyoPyae #MyanmarMiss #MyanmarModel #BrooklynPhyo #ပြိုင်ကားမောင်း #မော်တော်ယာဉ်ဒရစ်ဖ် #Drift #YMC #YangonMotorsportsClub










