သက်တံ့
၁၇. ၈. ၂၀၂၆
ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ် တက်စီနှင့် ကုန်တင်ယာဥ် မျက်နှာချင်းဆိုင်တိုက်မိရာက တက်စီယာဥ်ပေါ်ပါ စုံတွဲ ပွဲချင်းပြီးသေဆုံးသွားမှု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ယနေ့ ဩဂုတ် ၁၇ ရက် နံနက် ၀၇ နာရီ ၁၅ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၈/၃)တွင် ယာဉ်(၂)စီး မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဝေါမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
တိုက်မိသည့်ယာဥ်နှစ်စီးအနက် တက္ကစီပေါ် လိုက်ပါလာသူနှစ်ဦးမှာ သက်လတ်ပိုင်း အမျိုးသားနှင့် အမျိုးသမီးဖြစ်ပြီး ဇနီးမောင်နှံဟု ကယ်ဆယ်ရေးဆောင်ရွက်သူများက ပြောသလို မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်အောက်တွင်လည်း ကိုဘိုဘိုဇော်အမည်ဖြင့် Facebook သုံးစွဲသူက “ညီမလေးနဲ့ ယောက်ဖရယ် ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံရပါစေနဲ့လို့ ငါဆုတောင်းပေးပါတယ်ကွာ”ဟု ဆုတောင်းပေးထားသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ သေဆုံးစုံတွဲအား ဝေါလူမှုကူညီရေးအသင်းယာဉ်ဖြင့် ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။




