၁၇.၈.၂၀၂၆
Translated by Htwe Ko Tun
၂၀၂၄ ခုနှစ် အုံကြွမှုအတွင်း နိုင်ငံမှထွက်ပြေးတိမ်းရှောင်ခဲ့သော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို အိန္ဒိယအစိုးရက လွှဲပြောင်းပေးအပ်မှုမပြုမချင်း လက်ရှိ ဝန်ကြီးချုပ် တာရစ်ရာမန်အနေဖြင့် အိန္ဒိယသို့ သွားရောက်လည်ပတ်မည်မဟုတ်ဟု ဩဂုတ်လ ၁၆ ရက်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားခဲ့ကြောင်း သိရသည်။
အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကြောင့် ဝန်ကြီးချုပ်ဟာစီနာအစိုးရ ပြုတ်ကျပြီး ဟာစီနာလည်း ၂၀၂၄ ခုနှစ်တွင် အိမ်နီးချင်းအိန္ဒိယသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးမှာ တင်းမာနေခဲ့ပြီး သူမသည်လည်း အိန္ဒိယတွင် ဆက်လက်ရှိနေခဲ့သည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဖြင့် သေဒဏ်ချမှတ်ခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း သူမအား ပြန်လည် လွှဲပြောင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။
ထို့အတွက် ဩဂုတ်လ ၁၆ ရက်က သတင်းထောက်များနှင့် စကားပြောဆိုရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိ အေကေအမ် ရှာဟီဒူလ် ကာရင်က ဝန်ကြီးချုပ် ရာမန်၏ အိန္ဒိယသို့ လာမည့်အပတ်တွင် ခရီးစဉ် ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ မီဒီယာများ၏ ထင်ကြေးများကို ဆန့်ကျင်ပြောကြားခဲ့ခြင်းဖြစ်သည်။
ရာမန်သည် ဖေဖော်ဝါရီလတွင် ရာထူးတာဝန်ယူခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်များသည် ၎င်းတို့၏ ပထမဆုံးပြည်ပခရီးစဉ်အတွက် အိန္ဒိယသို့ သွားရောက်သည့် အစဉ်အလာမှ ခွဲထွက်ကာ မလေးရှားနှင့် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အိန္ဒိယမဟာမင်းကြီး ဒီနက်ရှ် ထရီဗီဒီက ပြီးခဲ့သည့်အပတ်က ရာမန်နှင့် တွေ့ဆုံခဲ့ပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ အိန္ဒိယနိုင်ငံခရီးနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေရှိသော ထင်ကြေးများကို ပိုမိုမြင့်တက်စေခဲ့သည်။
ကာရင်က “ခရီးစဉ်အတွက် ကောင်းမွန်သောပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ ဒါကြောင့် အိန္ဒိယအာဏာပိုင်တွေအနေနဲ့ ရှိတ်ဟာစီနာနဲ့ အခြားတရားခံပြေးတွေကို လွှဲပြောင်းပေးဖို့ သူတို့ရဲ့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်တင်ဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
အိန္ဒိယ အစိုးရကလည်း “ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဟာစီနာကို လွှဲပြောင်းပေးဖို့ တောင်းဆိုချက်ကို စစ်ဆေးနေတယ်” ဟု ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယမှ အရာရှိများသည် ရာမန်၏ ခရီးစဉ်ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဆက်သွယ်ခဲ့ကြသည်ဟု ကာရင်က ပြောကြားခဲ့သည်။
“လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပြစ်ဒဏ်ကျခံနေရသူဖြစ်ပေမယ့် ရှိတ်ဟာစီနာရဲ့ ပြောင်ကျတဲ့ မီဒီယာကနေ တုံ့ပြန်မှုတွေကြောင့် ဒီလုပ်ငန်းစဉ်ဟာ ယိုယွင်းပျက်စီးသွားခဲ့ပါတယ်”ဟု ကာရင်က ဆက်လက် ပြောကြားခဲ့သည်။
ဝေဖန်သူများက သူမ၏ ၁၅ နှစ်ကြာ အုပ်ချုပ်မှုကာလအတွင်း အာဏာရှင်စနစ် ပိုမိုကြီးထွားလာခဲ့သည်ဟု ပြောဆိုသည့် ဒီမိုကရေစီလိုလားသော ခေါင်းဆောင်ဟောင်း ဟာစီနာက ထောင်ဒဏ်ချမှတ်ခံရလျင်ပင် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားမည်ဟု ယခုလအတွင်း ကတိပြုခဲ့သည်။
ကာရင်က ဘင်္ဂလားဒေ့ရှ်အစိုးရသည် အိန္ဒိယအပါအဝင် အခြားနိုင်ငံများနှင့် အပြန်အလှန်အကျိုးရှိသည့် ဆက်ဆံရေးကိုရှာဖွေရင်း အချုပ်အခြာအာဏာနှင့် ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်မှုအပေါ် အခြေခံသည့် “ဘင်္ဂလားဒေ့ရှ် ဦးစားပေး” နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသွားမည်ဟုလည်း ပြောကြားခဲ့သည်။
Ref: CNA
