၁၇.၈.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဘားအံ-သထုံကားလမ်း၊ ဒူးရင်းဆိပ်ကျေးရွာရှိ ချောစုစက်သုံးဆီဆိုင်ရှေ့တွင် ယမန်နေ့ သြဂုတ်လ ၁၆ ရက် နံနက် ၇ နာရီ ၅၀ မိနစ်ခန့်က ရွှေခြင်္သေ့ ခရီးသည်တင်ယာဥ်က အရှိန်မထိန်းနိုင်ဘဲ လိုက်ထရပ်ယာဥ်နှင့် ဖောကားဝင်တိုက်မိရာမှ တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရန်ကုန် -သထုံ-ဘားအံ ပြေးဆွဲသည့် ရွှေခြင်္သေ့ခရီးသည်တင်ယာဥ်က မောင်းနှင်လာစဥ် အရှိန်မထိန်းနိုင်ဘဲ ဆီဆိုင်ထဲသို့ ကွေ့ဝင်မည့် လိုက်ထရပ်ယာဥ်နှင့် လမ်းဘေးတွင် ရပ်ထားသည့် ဖောကားတို့ကို ဝင်တိုက်ခဲ့သဖြင့် ခရီးသည်တင်ယာဥ်ပေါ်မှ ယာဥ်အကူမှာ နေရာတွင် သေဆုံးခဲ့ပြီး လိုက်ထရပ်ယာဥ်ပေါ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။






“စပယ်ယာ(ယာဥ်အကူ)ကတော့ တိုက်တဲ့အရှိန်ကြောင့် ကိုယ်တစ်ခြမ်းပဲ့ထွက်ပြီး ပွဲချင်းပြီးဆုံးသွားတယ်။ ကားထဲမှာညပ်နေလို့ ခက်ခက်ခဲခဲနဲ့ ရုပ်အလောင်းကို ပြန်ထုတ်ရတယ်။ လိုက်ထရပ်ကားပေါ်က အမျိုးသမီးကြီးတစ်ယောက်လည်း ခေါင်းထိတာများတယ်”ဟု ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ (မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ သထုံခရိုင်)အဖြူရောင်နှလုံးသားအသင်းမှ အသင်းဝင်များနှင့် ဒုံသမိအားမာန် လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်များက သွားရောက်ကာ သေဆုံးသူနှင့်ဒဏ်ရာရသူများကို သထုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ဒဏ်ရာရသူများမှာ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် သထုံပြည်သူ့ဆေးရုံမှ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် အဖြူရောင်နှလုံးသားလူမှုကူညီရေးအသင်းမှ ထပ်မံပို့ဆောင်ပေးခဲ့သည်။
သေဆုံးသူယာဥ်နောက်လိုက်ကို ရန်ကုန်သို့ပို့ဆောင်ကာ ယင်းမှတစ်ဆင့် ဘက်စုံ လူမှုကူညီရေးအသင်းမှ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်နေအိမ်သို့ ပြန်လည်သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
“တချို့ အဝေးပြေးခရီးသည်တင်ယာဥ်တွေက အရမ်းမောင်းကြတာ။ ယာဥ်မောင်းတွေအနေနဲ့ မိုးရာသီလည်းဖြစ်တာကြောင့် လမ်းချော်တာ၊ မြင်ကွင်းမရှင်းတာဖြစ်တတ်တာမို့ သတိထားပြီး မောင်းစေချင်တယ်။ အသက်တစ်ချောင်းကိုလည်း တန်ဖိုးထားစေချင်တယ်”ဟု ဖြစ်စဥ်သိရှိသူ သထုံဒေသခံတစ်ဦးက ပြောသည်။





