သက်တံ့
၁၃. ၆. ၂၀၂၆
အရှေ့တောင်အာရှ ဒေသတွင်း အစိုးရများသည် နှစ်ပေါင်းများစွာကြာအောင် ဒေသတွင်း အွန်လိုင်းလိမ်လည်သူများကို ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အေဂျင်စီများနှင့် နယ်စပ်အာဏာပိုင်များ၏ ကိစ္စရပ်အဖြစ်သာ အဓိက သတ်မှတ်ကိုင်တွယ်ခဲ့ကြသည်။
သို့သော် အဆိုပါ အဖွဲ့အစည်းများသည် အပြည်ပြည်ဆိုင်ရာ ဆိုင်ဘာလိမ်လည်မှုအဖွဲ့အစည်းများ ပေါ်ပေါက်လာမှုကို တားဆီးရန် ပျက်ကွက်ခဲ့ကြသည်။ ယင်းတရားမဝင်လုပ်ငန်းသည် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းစနစ်များ၊ ခရစ်ပတိုကာရင်စီ (Cryptocurrencies) များ၊ ဆက်သွယ်ရေး ကွန်ရက်များ၊ ကုမ္ပဏီခွဲများ (Shell Companies) နှင့် လူကုန်ကူးရေး လမ်းကြောင်းများကို ပိုမိုအသုံးပြုလာကြပြီး အချို့သော စခန်းများသည် လက်နက်ကိုင်အဖွဲ့များ သို့မဟုတ် နိုင်ငံရေး အဆက်အသွယ်ရှိသော အဖွဲ့အစည်းများ၏ အကာအကွယ်အောက်တွင် လည်ပတ်နေကြသည်။
လက်ရှိတွင် အာဆီယံအစိုးရများသည် အဆိုပါ ခြိမ်းခြောက်မှုကို စည်းလုံးသော အဖွဲ့အစည်းတစ်ခုအဖြစ် ရင်ဆိုင်ဖြေရှင်းရန် ဆန္ဒပိုမိုရှိလာကြသည်။

◾️ အွန်လိုင်းလိမ်လည်မှု ခေါင်းဆောင်များကို သေဒဏ်ပေးရန် မြန်မာနိုင်ငံ အတည်ပြု
ဤအပြောင်းအလဲ၏ အပေါင်းလက္ခဏာများကို ဩဂုတ်လ ၆ ရက်နေ့က ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) နှင့် မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်တို့၏ တွေ့ဆုံမှုတွင် တွေ့မြင်ခဲ့ရသည်။
နှစ်နိုင်ငံအစိုးရများသည် ဘုံနယ်စပ်တစ်လျှောက်ရှိ လိမ်လည်မှုစခန်းများကို နှိမ်နင်းရန်၊ အချက်အလက်များ ဖလှယ်ရန်နှင့် ရာဇဝတ်ဂိုဏ်းများ၏ ဘဏ္ဍာရေး စီးဆင်းမှုများကို ပူးပေါင်းဟန့်တားရန် သဘောတူညီခဲ့ကြသည်။
ထို့အပြင် ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့များ၏ အပြည်ပြည်ဆိုင်ရာ ကွန်ရက်ဖြစ်သော Egmont Group တွင် မြန်မာနိုင်ငံ ပါဝင်နိုင်ရေးအတွက် ထိုင်းနိုင်ငံက ကူညီပံ့ပိုးပေးမည်ဟု ကမ်းလှမ်းခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကလည်း အွန်လိုင်းလိမ်လည်မှုစခန်းများ ဖွင့်လှစ်ထားသူများကို သေဒဏ်ပေးရန် အတည်ပြုခဲ့ပြီး ဖြစ်သည်။
လွန်ခဲ့သည့်လနှောင်းပိုင်းက ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်စဉ် အင်ဒိုနီးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရစ်ဖ် ဟာဗက်စ် အိုဂရိုဆီနို (Arif Havas Oegroseno) က အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများကို တိုက်ဖျက်ရန် ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Task Force) ဖွဲ့စည်းရန် အဆိုပြုခဲ့သည်။
လွန်ခဲ့သည့်သီတင်းပတ်က အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို နှင့် ထိုင်းဝန်ကြီးချုပ် အနုထင်တို့သည် ဂျကာတာမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မိမိတို့နှစ်နိုင်ငံအနေဖြင့် ဦးဆောင်လမ်းပြကာ အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်းရေးအတွက် အာဆီယံ၏ ခုခံနိုင်စွမ်း မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။
◾️ ‘စီးပွားရေးလုံခြုံရေး ခြိမ်းခြောက်မှု’ အဖြစ်သို့ အွန်လိုင်းလိမ်လည်မှုများ ကြီးထွားလာ
လွန်ခဲ့သည့်လက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ဆိုင်ဘာလိမ်လည်သူများကြောင့် ဆုံးရှုံးခဲ့ရသည့် နှစ်စဉ်ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၃ ဘီလီယံမှ ၁၁၄ ဒသမ ၁ ဘီလီယံကြား (ယူရို ၇၆ ဘီလီယံမှ ၉၈ ဘီလီယံကြား) ရှိပြီး အဆိုပါ လိမ်လည်သူ အများအပြားမှာ အရှေ့တောင်အာရှတွင် အခြေစိုက်ကြသည်။
ဉာဏ်ရည်တု နည်းပညာများ (Artificial Intelligence)၊ ခရစ်ပတိုကာရင်စီများ၊ ဆိုင်ဘာလုံခြုံရေးမြင့်မားသော ဆက်သွယ်ရေးစနစ်များနှင့် Deepfake နည်းပညာများသည် ၎င်းတို့၏ လုပ်ငန်းများကို ကုန်ကျစရိတ် ပိုမိုသက်သာစေပြီး ဖမ်းဆီးရမိရန် ပိုမိုခက်ခဲစေခဲ့သည်။
“အရှေ့တောင်အာရှက ဆိုင်ဘာလိမ်လည်မှုတွေဟာ ရိုးရာဆိုင်ဘာရာဇဝတ်မှု ပြဿနာထက် ကျော်လွန်သွားပြီဖြစ်ပြီး စီးပွားရေးလုံခြုံရေး ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်သင့်ပါတယ်” ဟု ဩစတြေးလျနိုင်ငံ Griffith တက္ကသိုလ်၊ ရာဇဝတ်ဗေဒနှင့် တရားဥပဒေရေးရာ ကျောင်းမှ ကထိက ဟိုင်လူးအောင်း (Hai Luong) က DW သို့ ပြောကြားခဲ့သည်။

◾️ ဆိုင်ဘာရာဇဝတ်မှု၏ သက်ရောက်မှုကို ကမ္ဘာတစ်ဝန်း ခံစားရ
အရှေ့တောင်အာရှရှိ ကျားဖြန့်ဂိုဏ်းများသည် အပြည်ပြည်ဆိုင်ရာ သတိပြုမိမှုကို ရရှိလာသည်နှင့်အမျှ အရှေ့တောင်အာရှရှိ အစိုးရများသည် အမေရိကန်၊ ဥရောပသမဂ္ဂ (EU) နှင့် တရုတ်နိုင်ငံတို့၏ ဖိအားများကို တုံ့ပြန်ဆောင်ရွက်ခဲ့ကြရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်က ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံး စီးပွားရေးလုပ်ငန်းစုကြီး တစ်ခုဖြစ်သည့် Prince Group ကို နယ်စပ်ဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး ၎င်းနှင့် ဆက်စပ်နေသည့် လူပေါင်း ၁၄၆ ဦးနှင့် ကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
အမေရိကန် အာဏာပိုင်များသည် တရုတ်နိုင်ငံဖွား Prince Group ဥက္ကဋ္ဌ ချင်းဇီ (Chen Zhi) ကိုလည်း အီလက်ထရွန်နစ်နည်းဖြင့် လိမ်လည်မှု၊ ငွေကြေးခဝါချမှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။ နောက်ဆုံးတွင် ကမ္ဘောဒီးယားက ချင်းဇီ၏ နိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းခဲ့ပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။
Prince Group ၏ စီးပွားရေးအင်ပါယာသည် ကမ္ဘောဒီးယားရှိ အိမ်ခြံမြေ၊ ဘဏ္ဍာရေးနှင့် အခြားကဏ္ဍများအထိ ကျယ်ပြန့်ခဲ့သည်။ ရာဇဝတ်မှုမှရရှိသော ဝင်ငွေများကို အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီများ ကွန်ရက်မှတစ်ဆင့် တရားဝင် စီးပွားရေးလုပ်ငန်းများနှင့် ရောနှောခဲ့ကြောင်း အမေရိကန် အာဏာပိုင်များက စွပ်စွဲထားသည်။
ဝါရှင်တန် (အမေရိကန်) သည် လိမ်လည်မှုစခန်းများတွင် ရင်းနှီးမြှုပ်နှံပြီး ငွေကြေးခဝါချသည်ဟု စွပ်စွဲခံထားရသည့် အခြားသော အရှေ့တောင်အာရှမှ ပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
ဥရောပသမဂ္ဂ (EU) ကလည်း လွန်ခဲ့သည့်လတွင် ဆိုင်ဘာလိမ်လည်မှုများတွင် ပါဝင်ပတ်သက်သည်ဟု ဆိုကာ ကမ္ဘောဒီးယားရှိ Prince Group နှင့် Jin Bei Group တို့အပြင် မြန်မာနိုင်ငံရှိ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA) တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

◾️ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့ခံရသော ဘဏ်များကို ကမ္ဘောဒီးယား အရေးယူ
၂၀၂၄ ခုနှစ်တွင် အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) က ကမ္ဘောဒီးယား၏ ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံကျော် ဖြစ်ပေါ်စေပြီး ယင်းသည် နိုင်ငံ၏ တရားဝင် စီးပွားရေးလုပ်ငန်းများ၏ သုံးပုံတစ်ပုံခန့်နှင့် ညီမျှကြောင်း ခန့်မှန်းခဲ့သည်။
လိမ်လည်မှုနှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းစု အများအပြား ပြိုလဲသွားခြင်းက စီးပွားရေးအရ ရိုက်ခတ်မှုများသည် နိုင်ငံ၏ ကျန်ရှိသော အစိတ်အပိုင်းများကို မည်သို့သက်ရောက်မည်နည်းဟူသည့် စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် လိမ်လည်မှုနှင့် ပတ်သက်၍ ထွက်ပေါ်လာသည့် မကောင်းသတင်းများကြောင့် ခရီးသွားကဏ္ဍကို ထိခိုက်စေပြီး အခြားနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဝေးကွာစေသည်ဟုလည်း ဆိုကြသည်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန် မာနတ်က တရားမဝင် လိမ်လည်မှု စီးပွားရေးသည် တရားဝင် စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေကြောင်း ဝန်ခံထားပြီး ဘဏ္ဍာရေးကဏ္ဍကို ပိုမိုစိစစ်ခြင်းအပါအဝင် အွန်လိုင်းလိမ်လည်မှု ကွန်ရက်များကို စနစ်တကျ နှိမ်နင်းသွားမည်ဟု ကတိပြုထားသည်။
ကမ္ဘောဒီးယား အမျိုးသားဘဏ်သည် ၂၀၂၆ ခုနှစ် စတင်ချိန်မှစ၍ အနည်းဆုံး ဘဏ္ဍာရေးအဖွဲ့အစည်း ၆ ခုကို ပိတ်သိမ်းခဲ့သည်။ ဩဂုတ်လတွင် လိုင်စင်ရုပ်သိမ်းခံခဲ့ရသည့် ကူးသန်းရောင်းဝယ်ရေးဘဏ် ၃ ခုစလုံးသည် လိမ်လည်မှုကွန်ရက်များနှင့် ဆက်စပ်နေသည်ဟုဆိုကာ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့ခြင်း ခံထားရသည့် ဘဏ်များ ဖြစ်ကြသည်။
ဩဂုတ်လ ၄ ရက်နေ့တွင် စင်ကာပူအစိုးရသည် ရဲတပ်ဖွဲ့နှင့် ဝန်ဆောင်မှုပေးသူများအကြား အချက်အလက် မျှဝေမှုကို တိုးမြှင့်ရန်၊ လိမ်လည်မှုကို ကူညီပေးသည်ဟု သံသယရှိရသော အကောင့်များကို အာဏာပိုင်များက ပိတ်ပင်နိုင်စေရန်နှင့် သံသယရှိသူများကို ပံ့ပိုးပေးသည့် ဘဏ္ဍာရေး၊ ဆက်သွယ်ရေးနှင့် အွန်လိုင်းဝန်ဆောင်မှုများ အပေါ် ကန့်သတ်ချက်များကို တင်းကျပ်ရန် ဥပဒေပြဋ္ဌာန်းခဲ့သည်။

◾️ အစိုးရများ၏ လစ်ဟင်းမှုများကို ရာဇဝတ်အဖွဲ့များ အခွင့်ကောင်းယူ
အာဆီယံနိုင်ငံများသည် ဆိုင်ဘာရာဇဝတ်သားများကို နှိမ်နင်းရန် ကြိုးပမ်းနေစဉ် ဒေသတွင်း၏ အကြီးမားဆုံး အားနည်းချက်မှာ စိတ်ဝမ်းကွဲပြားမှုဖြစ်သည်ဟု အရီဇိုးနားပြည်နယ်တက္ကသိုလ် Thunderbird School of Global Management မှ တွဲဖက်ပါမောက္ခ သိုဖာအာ (Sophal Ear) က DW သို့ ပြောကြားခဲ့သည်။
“ရာဇဝတ်အဖွဲ့အစည်းတွေဟာ နယ်စပ်တွေကို ကျော်လွန်ပြီး ချောမွေ့စွာ လှုပ်ရှားနေကြပေမဲ့ အစိုးရတွေကတော့ လုပ်ပိုင်ခွင့်ချင်း မတူညီဘဲ ပူးပေါင်းဆောင်ရွက်မှု အကန့်အသတ်ရှိတဲ့ သီးခြားအေဂျင်စီတွေကနေတစ်ဆင့် တုံ့ပြန်နေကြဆဲဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။
ရာဇဝတ်မှုမှ ရရှိသော ဝင်ငွေများကို ရွှေ့ပြောင်းရန်နှင့် လျှို့ဝှက်ထားရန် အသုံးပြုသည့် ဘဏ္ဍာရေး အခြေခံအဆောက်အအုံများသည် ယင်းကို ဖြိုခွဲရန် စီစဉ်ထားသည့် တရားဥပဒေစိုးမိုးရေး အဆောက်အအုံများထက် ပိုမို ကြံ့ခိုင်နေလေ့ရှိကြောင်းလည်း သိုဖာအာ က ဖြည့်စွက်ပြောကြားခဲ့သည်။
◾️ အာဆီယံ၏ ကျားဖြန့်ရာဇဝတ်မှုတိုက်ဖျက်ရေး အစီအစဉ်မှာ ဘာတွေပါဝင်သလဲ
ယခုအခါ ဒေသတွင်း အစိုးရများသည် ၂၀၂၆-၂၀၃၅ ခုနှစ် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေး အာဆီယံ၏ အစီအစဉ်သစ် (Plan of Action in Combating Transnational Crime for 2026–2035) အရ လက်တွေ့ တိုက်ဖျက်ရန် နားလည်သဘောပေါက်လာကြပြီ ဖြစ်သည်။
အဆိုပါ အစီအစဉ်သည် အမျိုးသား တရားဥပဒေစိုးမိုးရေး အေဂျင်စီများနှင့် ဘဏ္ဍာရေး ထောက်လှမ်းရေး အဖွဲ့များအကြား သတင်းအချက်အလက် မျှဝေမှု ပိုမိုကောင်းမွန်ရေး၊ ပူးတွဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရေး၊ ပိုမိုကောင်းမွန်သော နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေးနှင့် ငွေကြေးခဝါချမှု တားဆီးနှိမ်နင်းရေး စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရေးတို့အား တောင်းဆိုထားသည်။
အာဆီယံသည် ငွေကြေးခဝါချမှုကို တိုက်ဖျက်ရန် ပူးတွဲလုပ်ငန်းအဖွဲ့တစ်ခုကိုလည်း မကြာသေးမီက ဖွဲ့စည်းခဲ့သည်။
သို့သော် အာဆီယံ၏ ဘုံသဘောတူညီချက်အပေါ် အခြေခံသည့် စနစ်သည် ထိုကတိကဝတ်များကို အကောင်အထည်ဖော်ရန်နှင့် ထိလွယ်ရှလွယ်သော ဘဏ္ဍာရေးနှင့် တရားဥပဒေစိုးမိုးရေး အချက်အလက်များကို မျှဝေရန် အမျိုးသားအစိုးရများပေါ်တွင် များစွာ မှီခိုနေရဆဲ ဖြစ်သည်။
“လက်တွေ့မှာတော့ အစိုးရတွေအနေနဲ့ လိမ်လည်သူတစ်ဦးချင်းစီကို ဖမ်းဆီးတာထက် လိမ်လည်မှုလုပ်ငန်းတွေကို ထောက်ပံ့ပေးနေတဲ့ ဘဏ္ဍာရေး အခြေခံအဆောက်အအုံတွေ၊ လုပ်သား ထောက်ပံ့မှု လမ်းကြောင်းတွေ၊ နည်းပညာ ဝန်ဆောင်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် စီးပွားရေးပုံစံတွေကို ဖြိုခွဲဖို့ ဦးစားပေးသင့်ပါတယ်” ဟု Griffith တက္ကသိုလ်မှ ဟိုင်လူးအောင်း က ပြောကြားခဲ့သည်။

◾️ ငွေကြေးခဝါချသူများထက် ပိုမိုကျယ်ပြန့်စွာ ကိုင်တွယ်ရန် လိုအပ်
နန်ယန်း နည်းပညာတက္ကသိုလ်၊ S. Rajaratnam နိုင်ငံတကာလေ့လာရေးကျောင်း မှ အကြီးတန်းသုတေသီ အာရှာ ဟမ်ရာဂျာနီ (Asha Hemrajani) ကလည်း ဆိုင်ဘာလိမ်လည်မှု စီးပွားရေးပုံစံတစ်ခုလုံးကို တိုက်ခိုက်ရန် ဒေသတွင်းအနေဖြင့် “သီးခြားစီမဟုတ်ဘဲ ဘက်ပေါင်းစုံပါဝင်သော” ချဉ်းကပ်မှုတစ်ခု ပြုလုပ်ရန် လိုအပ်ကြောင်း ထောက်ခံပြောကြားခဲ့သည်။
“ဘုံရည်မှန်းချက်ဟာ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ငွေကြေးခဝါချသူတွေကို ဖမ်းဆီးတာ ဒါမှမဟုတ် သီးခြားလိမ်လည်မှုစခန်းတွေကို ဝင်ရောက်စီးနင်းတာမျိုး မဟုတ်ဘဲ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်မှု၊ ဘဏ္ဍာရေး ကွန်ရက်တွေနဲ့ ပံ့ပိုးပေးနေတဲ့ အခြေခံအဆောက်အအုံတွေကို ဖော်ထုတ်ဖြိုခွဲဖို့ ဖြစ်သင့်ပါတယ်” ဟု ဟမ်ရာဂျာနီက ပြောကြားခဲ့သည်။
ယင်းတွင် အန္တရာယ်ကြီးမားသော ကော်ပိုရေးရှင်း အဆောက်အအုံများကို တရားဝင် စိစစ်ခြင်း၊ ရန်ပုံငွေ အရင်းအမြစ်များကို စစ်ဆေးခြင်းတို့အပြင် ငွေကြေးခဝါချမှုအပေါ် ပိုမိုတင်းကျပ်သော သဘောထား ပါဝင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့အပြင် ဟမ်ရာဂျာနီက ဝါရှင်တန်သည် ဒဏ်ခတ်ပိတ်ဆို့ခံထားရသော အရှေ့တောင်အာရှ ကုမ္ပဏီများကို အမေရိကန် စီးပွားရေးတစ်ခုလုံးမှ ဖြတ်တောက်လိုက်သကဲ့သို့ အာဆီယံအနေဖြင့်လည်း ဆိုင်ဘာလိမ်လည်မှု ကွန်ရက်များနှင့် ဆက်စပ်နေသော စီးပွားရေးအုပ်စုများကို ဒဏ်ခတ်ပိတ်ဆို့ရန် အကြံပြုခဲ့သည်။
Ref: TEMPO.CO / DW
